Xpeng Motors ရဲ့ ကုမ္ပဏီခွဲ Aridge ဟာ Huangpu District မှာရှိတဲ့ Guangzhou စက်ရုံကနေ ပထမဆုံး “Land Carrier” modular ကားပျံကို ထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။ ဒါဟာ ကုမ္ပဏီက အမြောက်အများထုတ်လုပ်မှုကို စတင်လိုက်တာဖြစ်ပါတယ်။ ဒီ ကားပျံ အစောပိုင်း ယူနစ်တွေကိုတော့ စွမ်းဆောင်ရည်နဲ့ ထုတ်လုပ်မှု လုပ်ငန်းစဉ်တွေကို အတည်ပြုဖို့ စမ်းသပ် ပျံသန်းမှုတွေ ပြုလုပ်မှာဖြစ်ပြီး၊ လာမယ့်နှစ်မှာ ရောင်းချသွားမှာပါ။

စတုရန်းမီတာ ၁၂၀,၀၀၀ ခန့် ကျယ်ဝန်းတဲ့ အဲဒီစက်ရုံကြီးဟာ Xpeng ရဲ့ modular ကားပျံကို ထုတ်လုပ်ဖို့ ဒီဇိုင်းဆွဲထားတာဖြစ်ပြီး၊ အဲဒီကားပျံဟာ မြေပြင်ယာဉ် (ကား) နဲ့ ဝေဟင်ယာဉ် (လေယာဉ်) ဆိုပြီး နှစ်ပိုင်း ခွဲခြားလို့ရပါတယ်။ “mother vehicle” (ပင်မယာဉ်) လို့လည်း သိကြတဲ့ မြေပြင် module မှာ ဝင်ရိုးသုံးခု၊ ဘီးခြောက်လုံး ပုံစံကို သုံးထားပြီး all-wheel drive နဲ့ နောက်ဘီး စတီယာရင် စနစ်တွေ ပါဝင်တာကြောင့် ဝန်တင်နိုင်စွမ်းရော off-road (လမ်းကြမ်း) စွမ်းရည်ကိုပါ ပေးစွမ်းနိုင်ပါတယ်။

Xpeng AeroHT rebrands as Aridge, completes first manned eVTOL flight in  Dubai

(မြေပြင်ယာဉ်ဟာ) အလျား ၅.၅ မီတာ၊ အကျယ် ၂ မီတာ၊ အမြင့် ၂ မီတာခန့် ရှိပြီး၊ သာမန် ကားပါကင် နေရာတွေမှာ အံဝင်ခွင်ကျ ရပ်နားနိုင်သလို၊ သမားရိုးကျ ယာဉ်မောင်းလိုင်စင်နဲ့ပဲ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ ဝေဟင် module ကတော့ လျှပ်စစ်စနစ်သုံး၊ ရဟတ် ခြောက်ခုပါတဲ့ dual-ducted ဒီဇိုင်းဖြစ်ပြီး၊ ခိုင်မာမှုနဲ့ ပေါ့ပါးမှုကို မျှတစေတဲ့ carbon-fibre ကိုယ်ထည်နဲ့ ရဟတ်ဒလက်တွေကို သုံးထားပါတယ်။ ပျံသန်းမှုအတွက် ကျယ်ပြန့်တဲ့ မြင်ကွင်းကို ရရှိစေမယ့် ၂၇၀ ဒီဂရီ panoramic မောင်းနှင်ခန်းလည်း ပါဝင်ပါတယ်။

“Land Carrier” ကားပျံဟာ manual (ကိုယ်တိုင်) ထိန်းချုပ် ပျံသန်းမှုနဲ့ autonomous (အလိုအလျောက်) ပျံသန်းမှု ပုံစံ နှစ်မျိုးလုံးကို ထောက်ပံ့ပေးပါတယ်။ Manual ထိန်းချုပ်မှုမှာ လက်တစ်ဖက်တည်းနဲ့ လွယ်ကူစွာ လည်ပတ်နိုင်တဲ့ single-stick (တုတ်တံတစ်ခု) စနစ်ကို အသုံးပြုထားပါတယ်။ Autonomous mode ကတော့ လမ်းကြောင်းကို ဉာဏ်ရည်တုနဲ့ စီစဉ်ပေးတာ၊ သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း အလိုအလျောက် ပျံသန်းတာ၊ ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ပျံတက်တာနဲ့ ပြန်လာတာ၊ 3D composite vision (သုံးဖက်မြင် ပေါင်းစပ်မြင်ကွင်း) နဲ့ ဆင်းသက်မှု အကူအညီတွေ အစုံအလင် ပါဝင်ပါတယ်။

စက်ရုံဟာ စွမ်းဆောင်ရည် အပြည့် လည်ပတ်တဲ့အခါ တစ်နှစ်ကို ယူနစ် ၁၀,၀၀၀ အထိ ထုတ်လုပ်နိုင်ဖို့ ဒီဇိုင်းဆွဲထားပြီး၊ ကနဦး  ယူနစ် ၅,၀၀၀ နဲ့ စတင်မှာ ဖြစ်ပါတယ်၊ ဒါဟာ မိနစ် ၃၀ တိုင်းမှာ ကားပျံ တစ်စီး ထုတ်လုပ်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်ပါတယ်။

Ref : carnewschina