အိန္ဒိယနိုင်ငံ၊ Uttar Pradesh ပြည်နယ်၊ Bulandshahr မြို့က အစိုးရကျောင်းသား Aditya ဟာ စက်ရုပ်နည်းပညာ သင်တန်းတွေ ဘာတစ်ခုမှ မတက်ဖူးဘဲ ကိုယ်တိုင်လေ့လာပြီး “Sophia” လို့ အမည်ပေးထားတဲ့ ဆရာမစက်ရုပ်ကို တီထွင်လိုက်နိုင်ပါတယ်။
သူ့ရဲ့ ဒီတီထွင်မှုဟာ ကျောင်းသားတွေနဲ့ လူထုကြားမှာတင်မကဘဲ အင်တာနက်ပေါ်မှာပါ အတော်လေး ရေပန်းစားနေပြီး ကျေးလက်ဒေသ ပညာရေးလောကအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်မယ့် တီထွင်မှုတစ်ခုလည်း ဖြစ်ပါတယ်။

ဒီစက်ရုပ်ကို အရုပ်မရုပ်ပုံစံနဲ့ AI အသံစနစ်တို့ ပေါင်းစပ်ဖန်တီးထားတာ ဖြစ်ပြီး အတန်းထဲမှာ ဆရာ၊ ဆရာမတွေ မအားလပ်တဲ့အခါမျိုးမှာ ကျောင်းသားတွေ စာသင်ချိန် လွတ်မသွားအောင် အစားထိုးသင်ကြားပေးနိုင်ပါတယ်။
Sophia “ဆရာမ” ရဲ့ အတန်းထဲမှာဆိုရင် ကလေးတွေက စိတ်ဝင်တစားနဲ့ မေးခွန်းတွေ မေးမြန်းနိုင်သလို Sophia ကလည်း ကလေးတွေနဲ့ အပြန်အလှန် စကားပြောဆိုပြီး စာသင်ကြားပေးနိုင်စွမ်း ရှိပါတယ်။
Aditya ရဲ့ ဖခင်ဖြစ်သူဟာ တစ်လလုပ်ခ ၁၅,၀၀၀ ရူပီး သာရတဲ့ ဆေးခန်းဝန်ထမ်းတစ်ဦး ဖြစ်ပေမယ့် သားဖြစ်သူရဲ့ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ သူငယ်ချင်းတွေဆီက ပိုက်ဆံချေးပြီး ကူညီပံ့ပိုးပေးခဲ့တာပါ။ Aditya ကိုယ်တိုင်ကလည်း ငယ်စဉ်ကတည်းက ဦးလေးဖြစ်သူ စက်ရုပ်လုပ်တာကို ကြည့်ပြီး စိတ်ဝင်စားခဲ့ကာ အခုလို စွန့်ပစ်ပစ္စည်းတွေ၊ အီလက်ထရောနစ် အဟောင်းတွေကို အသုံးပြုပြီး လက်တွေ့စမ်းသပ် တီထွင်ခဲ့တာ ဖြစ်ပါတယ်။
အနာဂတ်မှာ အာကာသယာဉ်မှူးတစ်ယောက် ဖြစ်လာဖို့ ရည်မှန်းထားတဲ့ Aditya က အစိုးရအနေနဲ့ နယ်တွေမှာ တီထွင်မှုဆိုင်ရာ လက်တွေ့ခန်းတွေ ဖွင့်လှစ်ပေးစေချင်ပြီး ငွေကြေးမတတ်နိုင်ပေမယ့် အရည်အချင်းရှိတဲ့ ကလေးတွေကို ပံ့ပိုးပေးဖို့ တိုက်တွန်းထားပါတယ်။ ငွေကြေးအခက်အခဲတွေ ကြားကနေ အခုလို ကြိုးစားတီထွင်နိုင်ခဲ့တဲ့ Aditya ရဲ့ ဖြစ်ရပ်ကတော့ နေရာဒေသမရွေး ထူးချွန်တဲ့ လူငယ်တွေ ရှိနေနိုင်တယ်ဆိုတာကို သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။
Ref: Indiatoday