Xiaomi Auto ဟာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာ ကားစီးရေ ၅၀,၀၀၀ ကျော်ကို ပေးပို့နိုင်ခဲ့ပြီး ကုမ္ပဏီစတင်တည်ထောင်ချိန်ကစလို့ တစ်လတာအတွင်း အများဆုံးစံချိန်ကို တင်နိုင်ခဲ့ပါတယ်။ ဒီမတိုင်ခင် ၃ လဆက်တိုက်မှာလည်း ကားစီးရေ ၄ သောင်းကျော်နှုန်း ပေးပို့ထားနိုင်ခဲ့တာပါ။ ၂၀၂၅ တစ်နှစ်လုံးအတွက် စုစုပေါင်း ကားစီးရေ ၄၁၀,၀၀၀ ကျော် ပေးပို့နိုင်ခဲ့တာကြောင့် မူလလျာထားတဲ့ ၃၅၀,၀၀၀ ဆိုတဲ့ ပမာဏကို ကျော်လွန်အောင်မြင်သွားခဲ့ပါတယ်။

China Passenger Car Association ရဲ့ အချက်အလက်တွေအရ Xiaomi Auto ဟာ ၂၀၂၅ နိုဝင်ဘာလအထိ စုစုပေါင်း ကားစီးရေ ၅ သိန်းကျော် ပေးပို့ထားနိုင်တယ်လို့ သိရပါတယ်။ ဒီပမာဏကို ရောက်ရှိဖို့ အချိန် ၂၀ လအောက်သာ ကြာမြင့်ခဲ့တာဖြစ်လို့ ကမ္ဘာပေါ်မှာ ကားစီးရေ ၅ သိန်းကို အမြန်ဆုံးပြည့်မီတဲ့ EV ကားကုမ္ပဏီအဖြစ် ကမ္ဘာ့စံချိန်သစ်တစ်ခု တင်နိုင်ခဲ့ပါတယ်။

၂၀၂၆ ခုနှစ်အတွင်းမှာလည်း မော်ဒယ်အသစ် ၄ မျိုးကို ထပ်မံမိတ်ဆက်သွားဖို့ ပြင်ဆင်နေတယ်လို့ တရုတ်မီဒီယာတွေက ဖော်ပြထားပါတယ်။ အဲဒီမော်ဒယ်သစ်တွေထဲမှာ ဒီဇိုင်းအသစ်နဲ့ SU7 ၊ SU7 Executive Edition ၊ ၅ ယောက်စီး SUV နဲ့ ၇ ယောက်စီး SUV ကားတွေ ပါဝင်လာမှာ ဖြစ်ပါတယ်။
SU7 အသစ်နဲ့ SUV ကားအကြီးစားကို နှစ်ဆန်းပိုင်းမှာ မိတ်ဆက်မှာဖြစ်ပြီး ကျန်တဲ့မော်ဒယ်တွေကိုတော့ နှစ်ဝက်နောက်ပိုင်းမှာ မိတ်ဆက်သွားဖို့ ရှိပါတယ်။ Kunlun လို့ ကုမ္ပဏီတွင်း နာမည်ပေးထားပြီး YU9 နာမည်နဲ့ ထွက်လာနိုင်တဲ့ SUV ကားအကြီးစားဟာ AITO M9 နဲ့ Li Auto L9 တို့လိုကားတွေကို ဈေးနှုန်းတန်းတူထားပြီး ယှဉ်ပြိုင်သွားမယ့် မော်ဒယ်တစ်ခု ဖြစ်လာပါလိမ့်မယ်။
Ref : gizmochina