Google ရဲ့ AI နည်းပညာသုံး အနှစ်ချုပ်ဖော်ပြပေးတဲ့စနစ် (AI summaries) ဟာ ပန်ကရိယကင်ဆာနဲ့ အသည်းရောဂါသည်တွေအတွက် မှားယွင်းတဲ့ ဆေးပညာလမ်းညွှန်ချက်တွေ ပေးနေပြီး ဒါဟာ လူနာတွေရဲ့ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တယ်လို့ The Guardian က စုံစမ်းဖော်ထုတ်ထားပါတယ်။ ဇန်နဝါရီ ၂ ရက်နေ့က ထွက်ပေါ်လာတဲ့ စစ်ဆေးချက်တွေအရ Google AI ပေးတဲ့ အချက်အလက်တချို့ဟာ ရှုပ်ထွေးပြီး တိကျမှုမရှိတာကြောင့် သုံးစွဲသူတွေအတွက် ကျန်းမာရေးအန္တရာယ် ကြီးကြီးမားမား ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

ပညာရှင်တွေက “တကယ်အန္တရာယ်များတယ်” လို့ ထောက်ပြတဲ့ ဖြစ်ရပ်တစ်ခုမှာဆိုရင် Google က ပန်ကရိယကင်ဆာ လူနာတွေကို အဆီများတဲ့အစားအစာတွေ ရှောင်ဖို့ အကြံပေးထားပါတယ်။ Pancreatic Cancer U.K. က Anna Jewell ကတော့ ဒီအကြံဉာဏ်အတိုင်းသာ လိုက်လုပ်မယ်ဆိုရင် လူနာတွေဟာ လိုအပ်တဲ့ ကယ်လိုရီ မရရှိဘဲ ကိုယ်အလေးချိန်တက်ဖို့ ခက်ခဲသွားမှာဖြစ်ပြီး အသက်ကယ်ဖို့လိုအပ်တဲ့ ခွဲစိတ်ကုသမှုနဲ့ ဆေးသွင်းကုသမှုတွေ ခံယူနိုင်တော့မှာ မဟုတ်ဘူးလို့ သတိပေးထားပါတယ်။

ဒါ့အပြင် အသည်းရောဂါအခြေအနေပြ ညွှန်းကိန်းတွေနဲ့ ပတ်သက်ပြီး AI ရဲ့ ရှင်းပြချက်တွေကလည်း အန္တရာယ်ရှိနေပြီး အသည်းရောဂါဆိုးရွားနေသူတွေကို ကျန်းမာနေတယ်လို့ အထင်မှားသွားစေနိုင်ပါတယ်။ သားဖွားမီးယပ်ကင်ဆာ စစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ဆရာဝန်တွေက “လုံးဝမှားယွင်းတယ်” လို့ ပြောရတဲ့ အချက်အလက်တွေ ပါဝင်နေပါတယ်။ ဒီလိုမှားယွင်းမှုတွေက ရှာဖွေမှုရလဒ် စာမျက်နှာထိပ်ဆုံးမှာ ပေါ်နေတာဖြစ်တဲ့အတွက် လူနာတွေဟာ ပေါ့ဆသွားပြီး ရောဂါသတိပေး လက္ခဏာတွေကို လျစ်လျူရှုမိသွားစေနိုင်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။
Google ပြောရေးဆိုခွင့်ရှိသူကတော့ ဒီစွပ်စွဲချက်တွေဟာ “မပြည့်စုံတဲ့ screenshot တွေ” သာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။ သူတို့ရဲ့ ရှာဖွေမှုရလဒ်တွေဟာ ယုံကြည်စိတ်ချရတဲ့ ရင်းမြစ်တွေကို အမြဲကိုးကားထားသလို ဆရာဝန်တွေနဲ့ တိုင်ပင်ဖို့လည်း အကြံပြုထားတယ်လို့ ဆိုပါတယ်။ Google အနေနဲ့ အကြောင်းအရာတွေကို အနှစ်ချုပ်ပေးတဲ့ AI Overviews စနစ်ဟာ တိကျမှန်ကန်ပြီး အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ထားသလို အရည်အသွေး ပိုကောင်းလာအောင်လည်း အမြဲမပြတ် လုပ်ဆောင်နေတယ်လို့ ပြောကြားထားပါတယ်။
Ref: e.vpexpress