Generative AI နဲ့ ပတ်သက်တဲ့ မူပိုင်ခွင့် အငြင်းပွားမှုတွေဟာ နှစ်ပေါင်းများစွာ နည်းပညာကုမ္ပဏီကြီးတွေကိုပဲ အဓိကထားခဲ့ပေမယ့် အခုအခါမှာတော့ သာမန်အသုံးပြုသူတစ်ဦးဟာ ရာဇဝတ်မှုနဲ့ စတင်ရင်ဆိုင်နေရပါတယ်။ ဂျပန်နိုင်ငံက အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ Stable Diffusion ကိုအသုံးပြုပြီး မူပိုင်ခွင့်ရှိတဲ့ ပုံကို တူအောင်ဖန်တီးကာ စာအုပ်မျက်နှာဖုံးအဖြစ် ရောင်းချခဲ့တဲ့အတွက် တရားစွဲဆိုဖို့ အကြံပြုခံထားရပါတယ်။

Chiba Prefecture ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ အဲဒီအမျိုးသားဟာ သတ်မှတ်ထားတဲ့ ပုံတစ်ပုံကို ရရှိဖို့အတွက် prompt ပေါင်း ၂ သောင်းလောက်ကို အကြိမ်ကြိမ် ရိုက်ထည့်ပြီး open-source model ကို တွန်းအားပေး ခိုင်းစေခဲ့တယ်လို့ သိရပါတယ်။ Yomiuri Shimbun ရဲ့ ဖော်ပြချက်အရ ဒါဟာ AI tool ဖန်တီးသူမဟုတ်ဘဲ အသုံးပြုသူကို AI ဖန်တီးမှုလက်ရာနဲ့ ပတ်သက်ပြီး မူပိုင်ခွင့်ချိုးဖောက်မှုနဲ့ ရာဇဝတ်မှုမြောက် တရားစွဲဆိုတဲ့ ကမ္ဘာ့ပထမဆုံးဖြစ်ရပ် ဖြစ်ပုံရပါတယ်။
![]()
အရင်တုန်းကတော့ ဥပဒေအရ အရေးယူမှုတွေဟာ developer တွေကိုပဲ ပစ်မှတ်ထားလေ့ရှိပြီး အမေရိကန် တရားရုံးတွေကလည်း AI နဲ့ ဖန်တီးထားတဲ့ ပုံတွေကို မူပိုင်ခွင့်မပေးနိုင်ဘူးလို့ ဆုံးဖြတ်ခဲ့ဖူးပါတယ်။ တစ်သီးပုဂ္ဂလ အသုံးပြုသူတွေကို အရေးယူဖို့ဆိုတာက မဖြစ်နိုင်ဘူးလို့ ယူဆထားကြပြီး ရှုပ်ထွေးတဲ့ model အတွင်းမှာ တမင်သက်သက် ကူးယူထားကြောင်း သက်သေပြဖို့လည်း ခက်ခဲပါတယ်။
ဥပဒေလေ့လာသုံးသပ်သူ Kensaku Fukui ကတော့ ဒီအမှုမှာ ရည်ရွယ်ချက်က အဓိကကျတယ်လို့ သုံးသပ်ထားပြီး prompt အရေအတွက် အများကြီးအသုံးပြုခြင်းက Stable Diffusion ကို အဆင့်မြင့် မိတ္တူကူးစက်သဖွယ် အသုံးပြုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ Chiba မှာဖြစ်ပွားခဲ့တဲ့ ဒီအမှုရဲ့ ရလဒ်ဟာ နေ့စဉ် AI အသုံးပြုသူတွေအနေနဲ့ ရာဇဝတ်မှုကြောင်းအရ တာဝန်ရှိလာနိုင်မလားဆိုတာကို အဆုံးအဖြတ်ပေးမယ့် စံနမူနာတစ်ခု ဖြစ်လာနိုင်ပါတယ်။
Ref : Gizmochina