Elon Musk က Peter Diamandis တင်ဆက်တဲ့ Moonshots podcast မှာ မကြာသေးမီက ပြောကြားခဲ့ရာမှာ AI စွမ်းအားသုံး စက်ရုပ်တွေဟာ သုံးနှစ်အတွင်း ခွဲစိတ်ဆရာဝန်တွေထက် စွမ်းဆောင်ရည် ပိုကောင်းလာနိုင်တာကြောင့် ဆေးကျောင်းတက်တာဟာ “အဓိပ္ပာယ်မရှိ” ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

“ဆရာဝန်ကောင်းတစ်ယောက်ဖြစ်ဖို့ လေ့လာသင်ယူရတာ အချိန်အရမ်းကြာပါတယ်။ ဆရာဝန်တွေမှာ အချိန်ကန့်သတ်ချက်ရှိပြီး အမှားတွေလည်း လုပ်တတ်ကြတယ်။ တကယ်တော်တဲ့ ခွဲစိတ်ဆရာဝန် ဘယ်နှစ်ယောက်ရှိလဲ။ သိပ်မများပါဘူး” လို့ Musk က ပြောပါတယ်။

“ဒါဆို ဆေးကျောင်းမတက်ရတော့ဘူးပေါ့?” လို့ Diamandis က မေးမြန်းရာမှာတော့ “ဟုတ်တယ်။ အဓိပ္ပာယ်မရှိပါဘူး” လို့ Musk က ပြန်လည်ဖြေကြားခဲ့ပါတယ်။
Neuralink ရဲ့ ခွဲစိတ်ကုသမှုဆိုင်ရာ စက်ရုပ်ဟာ သိမ်မွေ့တဲ့ ဆေးဘက်ဆိုင်ရာ လုပ်ငန်းစဉ်တွေကို အလွန်တိကျစွာ လုပ်ဆောင်နိုင်တဲ့ စက်ပစ္စည်းတွေရဲ့ ရှေ့ပြေးဥပမာတစ်ခုအဖြစ် Musk က ကိုးကားပြောဆိုခဲ့ပါတယ်။
သူ့ရဲ့ မှတ်ချက်စကားတွေက စက်ရုပ်တွေဟာ ဆရာဝန်တွေကို ကူညီပေးရာကနေ ကိုယ်တိုင်လွတ်လပ်စွာ ခွဲစိတ်ကုသမှုတွေ လုပ်ဆောင်လာနိုင်မယ့် အနာဂတ်တစ်ခုကို ညွှန်းဆိုနေပါတယ်။ အဲဒီ ပြောကြားချက်တွေကြောင့် ဆေးပညာလောကမှာ AI က လူသားတွေရဲ့ ဆုံးဖြတ်ချက်ကို ဘယ်လောက်မြန်မြန် အစားထိုးနိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး ငြင်းခုံဆွေးနွေးမှုတွေ ပြန်လည်ဖြစ်ပေါ်လာစေပါတယ်။
Ref : Fossbytes