ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်က သုတေသီတွေဟာ လူတွေ တခြားသူတွေကို ရင်ဖွင့်ဖို့ ခက်ခဲတဲ့ ဆန်းကြယ်တဲ့ မေးခွန်းတွေကို ဖြေကြားပေးနိုင်စွမ်းရှိတဲ့ “Buddharoid” လို့ အမည်ပေးထားတဲ့ AI စက်ရုပ်ဘုန်းတော်ကြီးကို မိတ်ဆက်လိုက်ပါတယ်။ ဗုဒ္ဓဘာသာကျမ်းစာတွေကို လေ့လာသင်ယူထားတဲ့ အဲဒီစက်ရုပ်ဟာ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဆွေးနွေးအကြံပေးနိုင်မှာဖြစ်ပြီး အနာဂတ်မှာ လူသားဘုန်းတော်ကြီးတွေ ရှားပါးလာတဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

အဲဒီ စက်ရုပ်ကို လူ့အဖွဲ့အစည်း အနာဂတ်ဆိုင်ရာ သိပ္ပံက ပါမောက္ခ ခူးမားဂါအီက ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ သူဟာ တရုတ်နိုင်ငံထုတ် Unitree G1 လူပုံစံ စက်ရုပ်ကိုယ်ထည်ပေါ်မှာ OpenAI လို နည်းပညာတွေ ပေါင်းစပ်ထားတဲ့ “BuddhaBotPlus” စနစ်ကို တပ်ဆင်ပြီး အခုလို AI စက်ရုပ်ဘုန်းတော်ကြီးအဖြစ် ဖန်တီးခဲ့တာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့က ကျင်းပတဲ့ မိတ်ဆက်ပွဲမှာ မျက်နှာမပါသေးတဲ့ အဲဒီစက်ရုပ်ဟာ မီးခိုးရောင် သင်္ကန်းကို ဝတ်ဆင်ထားပြီး လမ်းလျှောက်တာ၊ လက်အုပ်ချီတာတွေကို လုပ်ပြခဲ့ပါတယ်။ ဒါ့အပြင် အလွန်အမင်း စိုးရိမ်ပူပန်တတ်တယ်လို့ ရင်ဖွင့်လာတဲ့ သတင်းထောက်တစ်ယောက်ကိုလည်း စိတ်ကို တည်ငြိမ်အောင်ထားပြီး တွေးတောပူပန်မှုတွေကို စွန့်လွှတ်လိုက်ဖို့ အသံသြသြနဲ့ အကြံဉာဏ်တွေ ပေးခဲ့ပါတယ်။
ဘာသာရေးနယ်ပယ်မှာ အခုလို နည်းပညာတွေ အသုံးပြုတာနဲ့ ပတ်သက်ပြီး ကျင့်ဝတ်ဆိုင်ရာ ဆွေးနွေးမှုတွေ ဆက်လုပ်သွားဖို့ လိုအပ်နေသေးတယ်လို့ ကျိုတိုတက္ကသိုလ်က ဆိုပါတယ်။ ဒါပေမယ့် ဂျပန်နိုင်ငံရဲ့ လူဦးရေ ကျဆင်းလာမှုနဲ့ သက်ကြီးရွယ်အို များပြားလာမှုတွေကြောင့် အနာဂတ်မှာ အဲဒီ AI စက်ရုပ်တွေဟာ ဘာသာရေး ဓလေ့ထုံးတမ်းတချို့မှာ လူသားတွေနေရာကို အစားထိုး ဝင်ရောက်လာနိုင်ပြီး ဘာသာရေး ယဉ်ကျေးမှုမှာ ကြီးမားတဲ့ အပြောင်းအလဲတစ်ရပ် ဖြစ်လာနိုင်တယ်လို့ မျှော်လင့်ထားကြပါတယ်။
Ref : The Strait Times