ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Meteomatics ကုမ္ပဏီကနေ လေထုအမြင့်ပိုင်းအထိ ထိုးဖောက်ပျံသန်းပြီး အချက်အလက်တွေကို တိကျစွာကောက်ယူနိုင်တဲ့ Strato လို့ခေါ်တဲ့ မိုးလေဝသဒရုန်းအသစ်တစ်စင်းကို တီထွင်မိတ်ဆက်လိုက်ပါပြီ။ အဲဒီဒရုန်းဟာ မီတာ ၁၀,၀၀၀ ကျော်အထက် လေထုအလွှာထဲအထိ သွားရောက်ပြီး ရာသီဥတုအခြေအနေတွေကို တိုင်းတာပေးနိုင်တဲ့ ပထမဆုံးသော multicopter ဒရုန်းတစ်စင်း ဖြစ်လာပါတယ်။
အဲဒီဒရုန်းဟာ အပေါ်ကို ပျံတက်တဲ့လမ်းတစ်လျှောက်မှာ အပူချိန်၊ စိုထိုင်းဆ၊ လေဖိအားနဲ့ လေတိုက်နှုန်းတွေကို အချိန်နဲ့တစ်ပြေးညီ မှတ်တမ်းတင်ပေးနိုင်ပါတယ်။ ယခင်ထွက်ရှိထားတဲ့ မိုးလေဝသဒရုန်းတွေထက် နှစ်ဆပိုများတဲ့ ကီလိုမီတာ ၁၂ အထိ အမြင့်မှာ လုပ်ဆောင်နိုင်စွမ်းရှိပြီး တစ်နာရီကို ကီလိုမီတာ ၁၂၀ နှုန်းနဲ့ တိုက်ခတ်တဲ့ ပြင်းထန်တဲ့လေပြင်းတွေကိုလည်း ကြံ့ကြံ့ခံနိုင်အောင် တည်ဆောက်ထားပါတယ်။ ဒါ့အပြင် အမြင့်ပိုင်းမှာ ရေခဲတွယ်တာကို ကာကွယ်ဖို့အတွက် ပန်ကာတွေကို အလိုအလျောက် အပူပေးနိုင်တဲ့ စနစ်လည်း ထည့်သွင်းပေးထားပါတယ်။

အဲဒီလို ထူးခြားဆန်းသစ်တဲ့ မိုးလေဝသဝန်ဆောင်မှုတွေကို ယခုအခါ လေကြောင်း၊ စွမ်းအင်၊ အာမခံနဲ့ စိုက်ပျိုးရေး စတဲ့ ကဏ္ဍတွေက ကမ္ဘာတစ်ဝန်းမှာရှိတဲ့ သုံးစွဲသူ ၇၀၀ ကျော်က အကျိုးရှိရှိ အသုံးပြုနေကြပါပြီ။ အဲဒီနည်းပညာဟာ အနာဂတ်မှာ မိုးလေဝသခန့်မှန်းချက်တွေကို ပိုမိုတိကျစေမယ့်အပြင် သဘာဝဘေးအန္တရာယ် သတိပေးစနစ်တွေကိုပါ သိသိသာသာ တိုးတက်ကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။
Ref : Technology Innovation