တောင်ကိုရီးယားနိုင်ငံမှာ Gangbuk Motel Serial Deaths လို့ လူသိများတဲ့ အမှုနဲ့ ပတ်သက်ပြီး အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို လူသတ်မှုနဲ့ စွဲချက်တင်လိုက်ပါတယ်။ ကင်မ် လို့ အမည်ရတဲ့ အဲဒီအမျိုးသမီးဟာ ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်ရတဲ့ အိပ်ဆေးတွေကို အရက်နဲ့ ရောစပ်ပြီး တိုက်ပါက လူကို သေစေနိုင်သလား ဆိုတာကို ChatGPT AI ထံမှာ ကြိုတင်မေးမြန်းပြီး လေ့လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီအမျိုးသမီးဟာ ဆိုးလ်မြို့ Gangbuk ခရိုင်မှာရှိတဲ့ မိုတယ်တွေမှာ အမျိုးသားတွေကို အရက်ထဲ ဆေးခတ်ခဲ့တာ ဖြစ်ပါတယ်။ သူမဟာ အိပ်ဆေးတွေကို အရက်နဲ့ ရောစပ်တိုက်ခဲ့တာကြောင့် အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး နောက်တစ်ဦးက သတိလစ်မေ့မြောသွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့က သူမရဲ့ ဖုန်းကို စစ်ဆေးတဲ့အခါမှာ အိပ်ဆေးကို အရက်နဲ့ ရောသောက်ရင် ဘာဖြစ်မလဲ၊ အန္တရာယ်ရှိအောင် ဘယ်နှလုံးလောက် သောက်ဖို့ လိုမလဲ၊ လူကို သေစေနိုင်သလား စတဲ့ မေးခွန်းတွေကို ChatGPT မှာ အကြိမ်ကြိမ် မေးမြန်းထားတဲ့ အထောက်အထားတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အစောပိုင်းမှာတော့ ကင်မ်က ဆေးခတ်ခဲ့တာ မှန်ပေမယ့် လူသေစေနိုင်မှန်း မသိခဲ့ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ChatGPT မှာ ရှာဖွေထားတဲ့ အချက်အလက်တွေက သူမမှာ သတ်ဖြတ်လိုတဲ့ အကြံအစည်ရှိကြောင်း သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။ ပထမဆုံး လူသေဆုံးမှုဟာ ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီလ ၉ ရက်နေ့မှာလည်း နောက်ထပ် အမျိုးသားတစ်ဦး ထပ်မံသေဆုံးခဲ့တာ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ ကင်မ်ဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတုန်းကလည်း ရည်းစားဟောင်းဖြစ်သူကို အခုလိုနည်းလမ်းနဲ့ပဲ အရက်ထဲ ဆေးခတ်ခဲ့ဖူးတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ အာဏာပိုင်တွေက သေဆုံးသူ အရေအတွက် ဒီထက်ပိုများနိုင်သေးလား ဆိုတာကို ဆက်လက် စုံစမ်းစစ်ဆေးနေပါတယ်။ ဒီအမှုမှာ ChatGPT ကို မေးမြန်းထားတဲ့ ဒစ်ဂျစ်တယ် ခြေရာလက်ရာတွေက တရားခံကို ဖမ်းဆီးနိုင်ဖို့ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
Ref : chosun