AI နည်းပညာတွေအတွက် လျှပ်စစ်ဓာတ်အား ရေလိုသောက်သုံးနေရတဲ့ Meta ကုမ္ပဏီဟာ အခုဆိုရင် ကောင်းကင်ယံကနေ စွမ်းအင်ယူဖို့အထိ ကြံစည်နေပါပြီ။ Meta ဟာ Overview Energy ဆိုတဲ့ Startup နဲ့ ပူးပေါင်းပြီး အာကာသထဲက ဂြိုဟ်တုအစင်းပေါင်း တစ်ထောင်ကနေတစ်ဆင့် အနီအောက်ရောင်ခြည် (Infrared) တန်းတွေကို ကမ္ဘာပေါ်က ဆိုလာစက်ရုံတွေဆီ ညဘက်မှာ လှမ်းပြီးပစ်လွှတ်ပေးမယ့် ထူးခြားတဲ့ စီမံကိန်းကို လက်မှတ်ရေးထိုးလိုက်တာပါ။ ဒီနည်းပညာကြောင့် နေဝင်သွားရင်တောင် ဆိုလာပြားတွေက လျှပ်စစ်ဓာတ်အား ဆက်တိုက်ထုတ်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။

Virginia အခြေစိုက် Overview Energy က ဖော်ဆောင်နေတဲ့ ဒီနည်းပညာဟာ အာကာသထဲမှာ အလျှံပယ်ရှိနေတဲ့ နေရောင်ခြည်ကို စုဆောင်းပြီး အနီအောက်ရောင်ခြည်အဖြစ် ပြောင်းလဲကာ မြေပြင်ကို ပြန်ပို့ပေးမှာပါ။ အရင်က စမ်းသပ်ခဲ့ဖူးတဲ့ လေဆာ ဒါမှမဟုတ် မိုက်ခရိုဝေ့ဖ်လှိုင်းတွေနဲ့ စွမ်းအင်ပို့တဲ့စနစ်တွေထက် ပိုပြီးဘေးကင်းသလို၊ ကုမ္ပဏီ CEO ကတော့ ဒီဂြိုဟ်တုကလွှတ်တဲ့ အလင်းတန်းကို လူတွေက မျက်စိနဲ့ တည့်တည့်ကြည့်ရင်တောင် ဘာမှမဖြစ်ဘူးလို့ အာမခံထားပါတယ်။ ဒါဟာ ညဘက်ဆိုရင် အလုပ်မလုပ်တော့တဲ့ ဆိုလာစက်ရုံတွေရဲ့ အားနည်းချက်ကို အာကာသနည်းပညာနဲ့ အနိုင်ယူလိုက်တာပဲ ဖြစ်ပါတယ်။

Meta ကတော့ ဒီစီမံကိန်းကနေ လျှပ်စစ်စွမ်းအင် ၁ ဂစ်ဂါဝပ် (အမေရိကန်အိမ်ခြေ သိန်းချီသုံးနိုင်တဲ့ပမာဏ) အထိ ရယူဖို့ ကြိုတင်စာရင်းပေးထားပါတယ်။ Overview Energy ဟာ ပထမဆုံး စမ်းသပ်ဂြိုဟ်တုကို ၂၀၂၈ ခုနှစ်မှာ လွှတ်တင်မှာဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်မှာတော့ ဂြိုဟ်တုအစင်း ၁,၀၀၀ နဲ့ ကမ္ဘာ့မြေပုံရဲ့ သုံးပုံတစ်ပုံအထိ အလင်းပေးနိုင်ဖို့ ရည်မှန်းထားပါတယ်။
Ref : Techcrunch