တရုတ်နိုင်ငံ ဟီနန်ပြည်နယ်မှာ ဆိုရှယ်မီဒီယာ Follower ၁ သန်းခွဲကျော်အထိ ရှိပြီး ပရိသတ်တွေ အသည်းစွဲချစ်ကြတဲ့ “ချူထိုး” (Chutou) ဆိုတဲ့ Border Collie အမျိုးအစား ခွေးလိမ္မာလေးဟာ လေလွင့်ခွေးအမှတ်နဲ့ ခိုးယူသတ်ဖြတ်ခြင်း ခံလိုက်ရပါတယ်။ အသက် ၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဲဒီခွေးလေးဟာ ခရီးသွား Influencer ဖြစ်တဲ့ ပိုင်ရှင် ဂေါ် (Guo) နဲ့အတူ နှင်းဖုံးတောင်တန်းတွေကနေ သဲကန္တာရတွေအထိ တရုတ်နိုင်ငံအနှံ့ ခြေဆန့်ခဲ့ဖူးပြီး ညဘက်တဲထိုးအိပ်ရင်လည်း ပိုင်ရှင်ဘေးကနေ သစ္စာရှိရှိ စောင့်ရှောက်ပေးလေ့ရှိလို့ အွန်လိုင်းမှာ အရမ်းနာမည်ကြီးတာ ဖြစ်ပါတယ်။ ဒီလိုခွေးလိမ္မာလေးကို ပိုင်ရှင်ဖြစ်သူ ဂျော်ဂျီယာနိုင်ငံကို ခရီးထွက်နေတုန်း မိဘတွေအိမ်မှာ အပ်နှံထားခဲ့ရာကနေ လူစိမ်းနှစ်ယောက်က လျှပ်စစ်စက်ဘီးနဲ့ အကွက်ကျကျ ခိုးယူသွားခဲ့ကြတာ ဖြစ်ပါတယ်။

Surveillance footage shows the suspects escaping on an electric bicycle with Chutou hidden under a cover.

ပိုင်ရှင်ဖြစ်သူဟာ သတင်းကြားကြားချင်း ခရီးစဉ်ကို ဖျက်ပြီး တရုတ်နိုင်ငံကို ချက်ချင်းပြန်လာကာ လိုက်လံစုံစမ်းခဲ့ရာမှာ ခွေးသူခိုးကို မိခဲ့ပါတယ်။ အဲဒီသူခိုးက ချူထိုးကို လေလွင့်ခွေးအမှတ်နဲ့ ခေါ်လိုက်လို့ လိုက်လာတာပါလို့ ဆင်ခြေပေးခဲ့ပေမယ့် ခွေးလေးရဲ့လည်ပင်းမှာ ကော်လာနဲ့ Tracker ပါ တပ်ထားတာကြောင့် အဲဒီဆင်ခြေက မယုံနိုင်စရာဖြစ်ပါတယ်။ ပိုပြီးရင်ကွဲရတာကတော့ အဲဒီခွေးလေးကို ခွေးသားစားသောက်ဆိုင်တစ်ဆိုင်မှာ တရုတ်ယွမ် ၁၈၀ (စင်ကာပူဒေါ်လာ ၃၄ ဒေါ်လာဝန်းကျင်) တည်းနဲ့ ပြန်ရောင်းချခဲ့ပြီး သတ်ဖြတ်စားသောက်လိုက်ကြပြီ ဖြစ်ပါတယ်။ ခွေးခိုးသူကတော့ ဘာတောင်းပန်မှုမှမလုပ်ဘဲ “ခွေးက သေသွားပြီပဲ၊ ပြဿနာရှာမနေနဲ့၊ ငါ ဥပဒေမဖောက်ဖျက်ဘူး” လို့ ရဲရဲတင်းတင်း ပြောဆိုခဲ့တဲ့အပြင် ပိုင်ရှင်ဖြစ်သူက ခွေးလေးရဲ့ အမွှေးအမျှင်လေးပဲဖြစ်ဖြစ် ပြန်ရလိုရငြား သားသတ်သမားဆီ သွားမေးခဲ့ပေမယ့် အမွှေးတွေကို အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်ပြီလို့ပဲ ပြောခဲ့ပါတယ်။

Celebrity dog with over 1.5 million followers stolen, slaughtered in China  as 'thief' mistook it for a stray - The Statesman

အခုအခါမှာတော့ ပိုင်ရှင်ဖြစ်သူဟာ တရားမျှတမှုရဖို့အတွက် ရဲတပ်ဖွဲ့ထံ တိုင်ချက်ဖွင့်ထားပြီး ခွေးလေးရဲ့ ကာလပေါက်ဈေး သက်သေတွေကိုပါ အပြည့်အစုံ တင်ပြထားပါတယ်။ တရုတ်နိုင်ငံရဲ့ ဥပဒေအရ ခိုးယူခံရတဲ့ ပစ္စည်းတန်ဖိုးဟာ ယွမ် ၂,၀၀၀ ထက်ကျော်မှသာ ရာဇဝတ်မှုအဖြစ် တရားစွဲဆိုနိုင်တာကြောင့် ချူထိုးရဲ့ တန်ဖိုးကို သတ်မှတ်နိုင်ရင် အဆိုပါတရားခံဟာ ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်ပါတယ်။ တရုတ်နိုင်ငံမှာ အိမ်မွေးတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး ဥပဒေ သီးသန့်မရှိသေးဘဲ အိမ်မွေးတိရစ္ဆာန်တွေကို ပိုင်ဆိုင်မှုပစ္စည်းတစ်ခုအနေနဲ့ပဲ သတ်မှတ်ထားတာမို့ အခုဖြစ်စဉ်က တရုတ်နိုင်ငံက အိမ်မွေးတိရစ္ဆာန်တွေအတွက် ဥပဒေပိုင်းဆိုင်ရာ ဟာကွက်တွေကို ပိုပြီးပေါ်လွင်စေခဲ့ပါတယ်။

Ref : thestraitstimes