တရုတ်နိုင်ငံ ရှန်ကျန်းမြို့ရဲ့ လူစည်ကားတဲ့ အများပြည်သူဆိုင်ရာနေရာတွေမှာ တရုတ်နည်းပညာကုမ္ပဏီ EngineAI က ထုတ်လုပ်ထားတဲ့ “T-800” အမည်ရ လူတူ စက်ရုပ် (Humanoid Robot) တစ်ရုပ်ဟာ လက်နက်ကိုင်ရဲဝန်ထမ်းတွေနဲ့အတူ ဘေးချင်းယှဉ်ပြီး လမ်းလျှောက်ကင်းလှည့်နေတဲ့ ဗီဒီယိုဖိုင်တွေ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။ အဲဒီမြင်ကွင်းကို မြင်တွေ့လိုက်ရတဲ့ လမ်းသွားလမ်းလာတွေဟာ အံ့အားသင့်သွားကြပြီး သူတို့ရဲ့ ဖုန်းတွေနဲ့ ဗီဒီယိုရိုက်ကူးခဲ့ကြတာကြောင့် သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်ထဲကလို ဖြစ်နေပါတယ်။ အဆိုပါ EngineAI ကုမ္ပဏီထုတ် စက်ရုပ်ဟာ အရင်ကလည်း ကွန်ဖူးကစားပြတာ၊ ဟန်ချက်ထိန်းပြတာနဲ့ လူတွေလို သဘာဝကျကျ လမ်းလျှောက်ပြတဲ့ သရုပ်ပြဗီဒီယိုတွေကြောင့် အင်တာနက်ပေါ်မှာ နာမည်ကြီးခဲ့ဖူးပါတယ်။

အဲဒီစက်ရုပ်ဟာ ခေတ်ရှေ့ပြေးတဲ့ ပုံပန်းသဏ္ဌာန်ရှိပြီး “T-800” (Terminator ရုပ်ရှင်ထဲက စက်ရုပ်နာမည်) လို့ အမည်ပေးထားပေမယ့် လောလောဆယ်မှာတော့ ရဲဝန်ထမ်းတွေကို ကင်းလှည့်ရာမှာ ကူညီပေးဖို့နဲ့ သရုပ်ပြသဖို့အတွက်ပဲ အသုံးပြုနေတာဖြစ်ပြီး သူ့အလိုအလျောက် ရဲလုပ်ငန်းတာဝန်တွေကို အပြည့်အဝ လုပ်ဆောင်နိုင်ခြင်းတော့ မရှိသေးပါဘူး။ တရုတ်နိုင်ငံဟာ အများပြည်သူဆိုင်ရာနေရာတွေနဲ့ စမ်းသပ်မှုတွေမှာ လူတူစက်ရုပ်တွေကို အရှိန်အဟုန်နဲ့ တိုးမြှင့်အသုံးပြုလာနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုလို ရဲဝန်ထမ်းတွေနဲ့အတူ လမ်းမပေါ်မှာ ကင်းလှည့်နေတဲ့ ဗီဒီယိုဖိုင် ထွက်ပေါ်လာမှုကတော့ အများပြည်သူကြားထဲမှာ “Terminator” ရုပ်ရှင်ထဲကလို စက်ရုပ်တွေ စိုးမိုးလာမယ့် အခြေအနေမျိုးအဖြစ် အပြင်းထန်ဆုံး တုံ့ပြန်မှုတွေနဲ့ ဝေဖန်ဆွေးနွေးမှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။

Ref : Fossbytes