နာမည်ကြီး YouTuber တစ်ယောက်ဖြစ်တဲ့ MrBeast (Jimmy Donaldson) ဟာ YouTube လောကမှာ ပထမဆုံးအနေနဲ့ Follower သန်း ၅၀၀ ပြည့်သွားတဲ့ ပထမဆုံးလူသား ဖြစ်လာပါတယ်။ ဒီမှတ်တိုင်ကို ရောက်ရှိသွားတဲ့ အချိန်မှာ သူဟာ ထူးထူးခြားခြား အခမ်းအနားတွေ လုပ်မယ့်အစား သူ့ရဲ့ ချန်နယ်သမိုင်းကြောင်းကို ပြန်ပြောင်းကြည့်တဲ့ ပုံမှန် Live Stream လွှင့်ပြီးတော့ပဲ ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။ စစ်တမ်းတွေအရ သူ့ကို ကြည့်ရှုသူ ၄၀ ရာခိုင်နှုန်းဟာ အသက် ၁၃ နှစ်ကနေ ၁၇ နှစ်ကြား လူငယ်တွေ ဖြစ်ကြပြီး နောက်ထပ် ၂၀ ရာခိုင်နှုန်းကတော့ အသက် ၁၈ နှစ်ကနေ ၂၄ နှစ်ကြား အရွယ်တွေ ဖြစ်ကြပါတယ်။

အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ MrBeast ရဲ့ ကုမ္ပဏီ (Beast Industries) ဟာ အမေရိကန်ဒေါ်လာ ၅ ဘီလီယံခန့် တန်ကြေးရှိပြီး သူကိုယ်တိုင်လည်း ဒေါ်လာ ၂.၆ ဘီလီယံ ချမ်းသာတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် Amazon ကုမ္ပဏီနဲ့လည်း ဒေါ်လာ သန်း ၁၀၀ တန် စာချုပ်ချုပ်ဆိုထားပါသေးတယ်။ ဒါပေမဲ့ သူကတော့ Wall Street Journal နဲ့ အင်တာဗျူးမှာ သူ့ရဲ့ ကုမ္ပဏီရှယ်ယာ တန်ဖိုးတွေကို ဖယ်ထုတ်လိုက်ရင် သူ့ဘဏ်အကောင့်ထဲမှာ ပိုက်ဆံမရှိဘဲ အနုတ်ပြနေတာကြောင့် အခုလောလောဆယ် ချေးငွေတွေနဲ့ သုံးစွဲနေရပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

Ref : gizmodo