Sensor Tower ရဲ့ ၂၀၂၆ ခုနှစ် AI ဆိုင်ရာ အစီရင်ခံစာအရ ChatGPT ဟာ AI အထောက်အကူပြု App ဈေးကွက်မှာ လူသုံးအများဆုံးအဖြစ် ဆက်ရှိနေပေမယ့် လစဉ်အသုံးပြုသူဦးရေ စျေးကွက်ဝေစုကတော့ မေလကုန်မှာ ၄၆.၄ ရာခိုင်နှုန်းအထိ ကျဆင်းသွားပါတယ်။ အဲဒီလို ဖြစ်ရတာက Google ရဲ့ Gemini နဲ့ Anthropic ရဲ့ Claude လိုမျိုး ပြိုင်ဘက် App တွေရဲ့ စွမ်းဆောင်ရည် ပိုကောင်းလာပြီး အသုံးပြုသူ ပိုများလာတာကြောင့် ဖြစ်ပါတယ်။ လက်ရှိမှာ Google Gemini က ဈေးကွက်ဝေစု ၂၇.၇ ရာခိုင်နှုန်းအထိ တက်လာပြီး Claude ကတော့ ၁၀.၃ ရာခိုင်နှုန်း ရှိနေပါတယ်။

ChatGPT falls below 50% market share despite its lead | YourStory

ဒါပေမဲ့ ChatGPT ဟာ အသုံးပြုသူအရေအတွက်အပိုင်းမှာတော့ ပြိုင်ဘက်တွေထက် အများကြီး သာလွန်နေဆဲ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ လစဉ်အသုံးပြုသူ ၁ ဘီလီယံအထိ အမြန်ဆုံး ပြည့်မြောက်ခဲ့တဲ့ App ဖြစ်လာတယ်လို့လည်း ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။ တစ်ဖက်မှာလည်း အသုံးပြုသူတွေဟာ Brand အပေါ် ယုံကြည်မှုနဲ့ လုပ်ဆောင်ချက်တွေအပေါ် မူတည်ပြီး တခြား AI App တွေဘက်ကို ပြောင်းလဲအသုံးပြုဖို့ ပိုပြီး လမ်းပွင့်လာကြပါတယ်။ ဥပမာအားဖြင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက OpenAI ဟာ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနနဲ့ သဘောတူညီချက်ရယူခဲ့ပြီးနောက်မှာ ChatGPT ကို ဖုန်းထဲကနေ ပြန်ဖျက်ကြသူတွေ သိသိသာသာ များပြားခဲ့တာမျိုး ရှိခဲ့ပါတယ်။

ChatGPT's AI Assistant Market Share Falls Below 50% for the First Time:  Gemini, Claude Surge

အခုလို ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာတာနဲ့အမျှ AI ကုမ္ပဏီတွေဟာ အသုံးပြုသူတွေဆီကနေ ဝင်ငွေရှာနိုင်မယ့် လစဉ်ကြေးစနစ်၊ ကြော်ငြာစနစ်တွေနဲ့ ဝန်ဆောင်မှုအသစ်တွေကို ပိုပြီး တွန်းအားပေး လုပ်ဆောင်လာနေကြပါတယ်။ လက်ရှိမှာ Claude App ကတော့ လစဉ်ကြေးပေးသွင်းသုံးစွဲသူ ၁၃ ရာခိုင်နှုန်းအထိ ရှိနေပြီး အများဆုံးနှုန်းထား ဖြစ်နေပါတယ်။ OpenAI ကလည်း ChatGPT ထဲမှာ ကြော်ငြာတွေ ထည့်သွင်းဖို့ စမ်းသပ်နေပြီး မေလအတွင်းမှာ နေ့စဉ်အသုံးပြုသူ ၁၇ ရာခိုင်နှုန်းလောက်အထိ ကြော်ငြာတွေ မြင်တွေ့နေရပြီ ဖြစ်တာကြောင့် နောက်ပိုင်းမှာ AI App တွေဟာ အကူအညီပေးရုံတင်မကဘဲ ပစ္စည်းရောင်းချတာနဲ့ ကြော်ငြာပြသတဲ့ နေရာတွေပါ ဖြစ်လာမယ့် အလားအလာ ရှိနေပါတယ်။

Ref : Nation Thailand