ပြီးခဲ့တဲ့ တနင်္လာနေ့ (ဇွန်လ ၁၅ ရက်) က နယူးယောက်စတော့ဈေးကွက် ပိတ်ချိန်မှာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၅၀၀ ရဲ့ စုစုပေါင်းဝင်ငွေဟာ တစ်ရက်အတွင်း အမေရိကန်ဒေါ်လာ ၃၃၆ ဘီလီယံအထိ တိုးပွားသွားခဲ့ပြီး ဒါဟာ တစ်ရက်တာအတွင်း ဝင်ငွေတိုးပွားမှု အမြင့်ဆုံးစံချိန် ဖြစ်ပါတယ်။ Bloomberg Billionaires Index ရဲ့ ဖော်ပြချက်အရ အဲဒီချမ်းသာသူတွေရဲ့ စုစုပေါင်းပိုင်ဆိုင်မှုဟာ စံချိန်တင် ဒေါ်လာ ၁၃.၃ ထရီလီယံအထိ ရှိလာခဲ့ပါတယ်။ အမေရိကန်နဲ့ အီရန်တို့ကြား ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ဖို့ ယာယီသဘောတူညီချက် ရရှိခဲ့တာကြောင့် စတော့ဈေးကွက်တွေ မြင့်တက်ခဲ့တာကလည်း အခုလို ဝင်ငွေတိုးပွားလာရခြင်းရဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။
အခုလို ဝင်ငွေအပြင်းအထန် မြင့်တက်လာရခြင်းရဲ့ အဓိကမောင်းနှင်အားကတော့ ပြီးခဲ့တဲ့အပတ်က စတော့ဈေးကွက်ထဲကို အများပိုင်ကုမ္ပဏီအဖြစ် စတင်ဝင်ရောက်လာခဲ့တဲ့ SpaceX ကုမ္ပဏီပဲ ဖြစ်ပါတယ်။ အဲဒီကုမ္ပဏီရဲ့ ဈေးကွက်တန်ဖိုးဟာ ၂၀ ရာခိုင်နှုန်းအထိ ထိုးတက်သွားခဲ့ပြီး စုစုပေါင်းတန်ဖိုး ဒေါ်လာ ၂ ထရီလီယံကျော် ရှိသွားခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာ့ပထမဆုံး ထရီလီယံနာဖြစ်တဲ့ အီလွန်မတ်စ်ရဲ့ ပိုင်ဆိုင်မှုဟာလည်း တစ်ရက်တည်းနဲ့ ဒေါ်လာ ၁၆၄ ဘီလီယံ (၁၀ ရာခိုင်နှုန်းကျော်) တိုးပွားသွားခဲ့ပြီး စုစုပေါင်း ဒေါ်လာ ၁.၂၇ ထရီလီယံအထိ ရှိလာကာ အခြားသူတွေထက် အဆမတန် သာလွန်သွားခဲ့ပါတယ်။
ဒီအခြေအနေဟာ ကမ္ဘာ့ထိပ်သီး အထက်တန်းလွှာတွေနဲ့ သာမန်လူတွေကြားက ချမ်းသာကြွယ်ဝမှု ကွာဟချက်ကို ပိုမိုကြီးမားလာစေရုံတင်မကဘဲ အလွန်အမင်းချမ်းသာတဲ့ သူဌေးအချင်းချင်းကြားမှာလည်း ကွာဟချက် ပိုကျယ်လာတာကို ပြသနေပါတယ်။ လက်ရှိမှာ အချမ်းသာဆုံး ထိပ်သီးပုဂ္ဂိုလ် ၅၀ ရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၆.၅ ထရီလီယံ ရှိနေပြီး အဲဒီပမာဏဟာ စာရင်းထဲက အောက်ခြေပုဂ္ဂိုလ် ၄၅၀ ရဲ့ စုစုပေါင်းပိုင်ဆိုင်မှု ဒေါ်လာ ၆.၈ ထရီလီယံနီးပါးနဲ့ ထပ်တူနီးပါး တူညီနေတာကို အညွှန်းကိန်းတွေအရ သိရပါတယ်။
Ref : Business Times