တရုတ်နိုင်ငံဟာ Elon Musk ရဲ့ Neuralink နည်းပညာထက် စောပြီး ကမ္ဘာ့ပထမဆုံး စီးပွားဖြစ် အသုံးပြုနိုင်မယ့် ဦးနှောက်-ကွန်ပျူတာ ချိတ်ဆက်မှု (BCI) ချစ်ပ်ပြားကို အောင်မြင်စွာ စမ်းသပ် အတည်ပြုနိုင်ခဲ့ပါတယ်။ NEO လို့ အမည်ပေးထားတဲ့ အကြွေစေ့ အရွယ်အစားရှိတဲ့ အဲဒီချစ်ပ်ပြားကို ပေကျင်း Tsinghua တက္ကသိုလ်နဲ့ ရှန်ဟိုင်းအခြေစိုက် Neuracle Technology တို့က ပူးပေါင်းထုတ်လုပ်ထားတာ ဖြစ်ပြီး တရုတ်နိုင်ငံရဲ့ အစိုးရ ကျန်းမာရေး စောင့်ရှောက်မှု စနစ်အတွက်အမြောက်အမြား ထုတ်လုပ်သွားဖို့ မျှော်မှန်းထားပါတယ်။
![]()
ဒီ NEO ချစ်ပ်ပြားရဲ့ ပထမဆုံး ဗားရှင်းကို ခါးဆစ်ရိုး ထိခိုက်ဒဏ်ရာရထားတဲ့ လူနာတွေနဲ့ လေဖြတ်နေတဲ့ လူနာတွေရဲ့ အာရုံကြော စနစ်ကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Neuralink ရဲ့ ချစ်ပ်ပြားတွေလို ဦးနှောက် အပေါ်ယံလွှာထဲအထိ ထိုးဖောက် ထည့်သွင်းရတာမျိုး မဟုတ်ဘဲ ဦးခေါင်းခွံနဲ့ ဦးနှောက်ကြားမှာပဲ ထည့်သွင်းရတဲ့ ပုံစံမျိုး ဖြစ်တာကြောင့် ခွဲစိတ်မှု ဒဏ်ရာ သက်သာစေပြီး အန္တရာယ် ပိုနည်းတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ လူနာ ၃၆ ယောက်နဲ့ စမ်းသပ်ခဲ့ရာမှာလည်း ကောင်းမွန်တဲ့ ရလဒ်တွေ ရရှိထားပါတယ်။
နည်းပညာရှင်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကတော့ ဒီနည်းပညာဟာ လူသားတွေနဲ့ စက်ပစ္စည်းတွေ ကြားမှာ စကားပြောစရာ မလိုဘဲ စိတ်ကူးနဲ့တင် တိုက်ရိုက် ထိန်းချုပ် ဆက်သွယ်နိုင်မယ့် အနာဂတ်ရဲ့ အစပျိုးမှုလို့ မြင်နေကြပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ဆိုက်ဘာလုံခြုံရေး ကျွမ်းကျင်သူတွေက ဒီလို ဦးနှောက်ထဲ ချစ်ပ်ပြား ထည့်သွင်းတဲ့ နည်းပညာတွေဟာ ဟက်ကာတွေအနေနဲ့ လူနာတွေရဲ့ အတွေးနဲ့ မှတ်ဉာဏ်တွေကို ခိုးယူတာမျိုး ဒါမှမဟုတ် သိမြင်မှု စွမ်းရည်တွေကို နှောင့်ယှက် ထိန်းချုပ်တာမျိုးတွေ လုပ်ဆောင်လာနိုင်ခြေ ရှိတယ်ဆိုပြီး စိုးရိမ်နေကြပါတယ်။
Ref : Times of India