တရုတ်နိုင်ငံရဲ့ လမ်းမတစ်ခုပေါ်မှာ လူတူစက်ရုပ် (Humanoid Robot) တစ်ရုပ်က သနားစရာပုံစံနဲ့ ပိုက်ဆံတောင်းနေတဲ့ ဗီဒီယိုတစ်ခု အွန်လိုင်းမှာ အကြီးအကျယ် ပျံ့နှံ့နေပြီး လူပြောများ ရေပန်းစားနေပါတယ်။

Unitree G1 အမျိုးအစား အဲဒီလူတူစက်ရုပ်ဟာ လူစည်ကားရာ လမ်းဘေးမှာ ထိုင်ပြီး (ဒါမှမဟုတ်) ဒူးထောက်ကာ ဝမ်းနည်းစရာ သီချင်း တညည်းညည်းနဲ့ စက်ရုပ်သံနဲ့ စကားတွေ လျှောက်ပြောနေတာပါ။ အဲဒီစက်ရုပ်က “ဘဝက တကယ်မလွယ်ပါဘူး။ ကျွန်တော် အားမသွင်းရတာလည်း ရက်တော်တော်ကြာနေပြီ” စတဲ့ သနားစဖွယ် စကားလုံးတွေကို ပြောနေတာ ဖြစ်ပါတယ်။

သူ့ဘေးမှာတော့ ဖြတ်သန်းသွားလာသူတွေ ဒစ်ဂျစ်တယ်စနစ်နဲ့ ငွေလွှဲလှူဒါန်းနိုင်ဖို့ QR ကုဒ်တစ်ခုကို ချထားပါတယ်။ ဒါ့အပြင် စက်ရုပ်ဟာ ခွက်တစ်ခု ဒါမှမဟုတ် ကျောပိုးအိတ်ကို လွယ်ထားပြီး သနားစရာ လက်ဟန်ခြေဟန်တွေပါ လုပ်ပြနေလို့ လမ်းသွားလမ်းလာတွေကလည်း အံ့ဩတကြီးနဲ့ စိတ်ဝင်တစား ငေးမောကြည့်ရှုနေကြပါတယ်။
ဒီဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ်မှာ အတော်လေး ရေပန်းစားနေပြီး တချို့က ဒါကို တီထွင်ဖန်တီးမှု အားကောင်းတဲ့ နည်းပညာစမ်းသပ်မှုတစ်ခုလို့ သဘောကျနေကြပေမယ့် တချို့ကတော့ လူသားတွေရဲ့ ခံစားချက်ကို တုပပြီး တောင်းရမ်းတဲ့ နေရာမျိုးမှာ စက်ရုပ်တွေကို အသုံးပြုတာဟာ ကျင့်ဝတ်ပိုင်းဆိုင်ရာ မကောင်းဘူးလို့ စိုးရိမ်တကြီး ဝေဖန်နေကြပါတယ်။
Ref : Technology Innovation