SpaceX ကုမ္ပဏီဟာ ၂၀၂၆ ခုနှစ် ဇွန်လ ၁၂ ရက်နေ့မှာ စံချိန်တင်အကြီးမားဆုံး အများပိုင်ကုမ္ပဏီအဖြစ် စတင်မိတ်ဆက်ခြင်း (IPO) ကို လုပ်ဆောင်ခဲ့ပြီး ကန်ဒေါ်လာ ၁.၈ ထရီလီယံနီးပါး တန်ဖိုးသတ်မှတ်ချက်နဲ့အတူ ရန်ပုံငွေ ဒေါ်လာ ၇၅ ဘီလီယံအထိ သိမ်းကျုံးရှာဖွေနိုင်ခဲ့ပါတယ်။ အဲဒီနောက် ရက်ပိုင်းအတွင်းမှာတင် ရှယ်ယာစျေးဟာ ၁၅၀ ဒေါ်လာဝန်းကျင်ကနေ ၂၂၆ ဒေါ်လာနီးပါးအထိ ဒုံးပျံလို ထိုးတက်သွားခဲ့ပြီး ကုမ္ပဏီရဲ့ စျေးကွက်တန်ဖိုးဟာလည်း ၂.၉ ထရီလီယံဒေါ်လာအထက်ကို ခေတ္တမျှ ရောက်ရှိသွားခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီလို အရှိန်အဟုန်နဲ့ တက်သွားတဲ့ ရှယ်ယာစျေးတွေဟာ ဝုန်းခနဲ ပြန်ပြုတ်ကျလာသလိုမျိုး ဖြစ်သွားခဲ့ပါတယ်။ ဇွန်လ ၂၂ ရက်နေ့မှာ ရှယ်ယာစျေး ၁၆ ရာခိုင်နှုန်းအထိ ထိုးကျသွားတာအပါအဝင် သုံးရက်ဆက်တိုက် စျေးကွက်အေးခဲသွားခဲ့ပြီးနောက် သမိုင်းဝင်စတင်ခဲ့တဲ့ စျေးနှုန်းရဲ့ အထက်နားတင်ရှိတဲ့ ၁၅၄.၆၀ ဒေါ်လာဝန်းကျင်နဲ့ ဈေးပိတ်ခဲ့ရပါတယ်။ ဇွန်လ ၂၃ ရက်နေ့မှာတော့ ရှယ်ယာစျေးဟာ စတင်မိတ်ဆက်ခဲ့တဲ့ ၁၅၀ ဒေါ်လာအောက်ကို ခေတ္တငုပ်လျှိုးသွားခဲ့ပေမဲ့ ၁ ရာခိုင်နှုန်းခန့် ပြန်လည်ဦးမော့ပြီး စျေးပိတ်နိုင်ခဲ့တာကြောင့် သုံးရက်ဆက်တိုက် ဖြစ်ပွားနေတဲ့ စျေးကျဆင်းမှု အနိဋ္ဌာရုံကိုတော့ အဆုံးသတ်နိုင်ခဲ့ပါတယ်။

အဲဒီလို သုံးရက်တာအတွင်း ရင်းနှီးမြှုပ်နှံသူတွေ ရှယ်ယာတွေ အလုအယက် ပြန်လည်ရောင်းချခဲ့ကြတာကြောင့် ကုမ္ပဏီရဲ့ စျေးကွက်တန်ဖိုးဟာ ဒေါ်လာ ၆၀၀ ဘီလီယံကျော်အထိ ဖုန်မှုန့်လို လွင့်စင်ဆုံးရှုံးခဲ့ရပြီး SpaceX ရဲ့ တန်ဖိုးဟာလည်း ၂ ထရီလီယံဒေါ်လာဝန်းကျင်အထိ လျော့ကျသွားခဲ့ပါတယ်။ SpaceX ရဲ့ ရှယ်ယာစျေးဟာ သူတို့ရဲ့ မူလ IPO စျေးနှုန်းဖြစ်တဲ့ တစ်ရှယ်ယာကို ၁၃၅ ဒေါ်လာအထက်မှာတော့ အသက်ဆက်နိုင်နေပါသေးတယ်။
Ref : Technology Innovation