၂၀၂၅ ခုနှစ်မှာ နေရောင်ခြည်စွမ်းအင်သုံးစွဲမှုဟာ သမိုင်းတစ်လျှောက် ဘယ်တုန်းကနဲ့မှမတူအောင် အရှိန်အဟုန်နဲ့ ထိုးတက်သွားခဲ့ပြီး ကမ္ဘာ့နေရောင်ခြည်စွမ်းအင် သုံးစွဲမှုအားလုံးရဲ့ ၅၃ ရာခိုင်နှုန်းကို တရုတ်နိုင်ငံတစ်ခုတည်းကတင် လက်ဝါးကြီးအုပ် ခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ၂၀၂၅ ခုနှစ်မှာ နေရောင်ခြည်စွမ်းအင်ကနေ လျှပ်စစ်ထုတ်လုပ်မှုအသစ် ၃၃၆ တယ်ရာဝပ်နာရီအထိ အံ့မခန်း ထပ်တိုးနိုင်ခဲ့ပြီး ဒါဟာ ကမ္ဘာ့ကျန်တဲ့နိုင်ငံတွေအားလုံး စုပေါင်းထည့်ဝင်ခဲ့တဲ့ ၃၀၀ တယ်ရာဝပ်နာရီထက်တောင် ကျော်လွန်ပြီး တစ်ကိုယ်တော် ဗိုလ်စွဲသွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို မဟာဗျူဟာမြောက် မှတ်တိုင်စိုက်ထူနိုင်မှုဟာ ကမ္ဘာ့နေရောင်ခြည်စွမ်းအင် ထုတ်လုပ်မှုကို စံချိန်တင် အမြင့်ဆုံးပမာဏအထိ တွန်းတင်ပေးလိုက်သလို တရုတ်နိုင်ငံကိုလည်း ကမ္ဘာ့အင်အားအကြီးဆုံး ဆိုလာပန်နယ်တပ်ဆင်တဲ့ အရှင်သခင်နဲ့ ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍရဲ့ အဓိက အရင်းနှီးမြှုပ်နှံသူအဖြစ် နေရာကို ပိုပြီး ခိုင်ခိုင်မာမာ သရဖူဆောင်းပေးလိုက်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံဟာ နေရောင်ခြည်စွမ်းအင်တပ်ဆင်မှုပမာဏ ၁ တယ်ရာဝပ်ကို ပထမဆုံးကျော်လွန်တဲ့ သမိုင်းဝင်နိုင်ငံ ဖြစ်လာခဲ့သလို ပိုမိုကြီးမားတဲ့ သန့်စင်စွမ်းအင် အခြေခံအဆောက်အအုံတွေကိုလည်း ဆက်လက်တိုးချဲ့နေပါတယ်။
Ember အဖွဲ့အစည်းရဲ့ ၂၀၂၆ ကမ္ဘာ့လျှပ်စစ်ဓာတ်အားသုံးသပ်ချက်အရ ၂၀၂၅ ခုနှစ်မှာ နေရောင်ခြည်စွမ်းအင်ဟာ ကမ္ဘာတစ်ဝန်းက လျှပ်စစ်ဓာတ်အား လိုအပ်ချက်အသစ်တွေရဲ့ ၇၅ ရာခိုင်နှုန်းအထိ ဝင်ရောက်ဖြည့်ဆည်းပေးခဲ့ပါတယ်။ အဲဒီလို ဖြည့်ဆည်းပေးနိုင်ခဲ့တာကြောင့် နှစ်ပေါင်း ၁၀၀ နီးပါးကာလအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍက ရိုးရာကျောက်မီးသွေးသုံးစွဲမှုကို ကျော်လွန်သွားနိုင်ခဲ့ပါတယ်။
Ref : Fossbytes