အမေရိကန်နဲ့ တရုတ်ကြားက နည်းပညာစစ်ပွဲဟာ အခုဆိုရင် အဆင့်မြင့်စက်ရုပ်တွေဆီကိုပါ ကူးစက်လာပါပြီ။ အမေရိကန် ဆက်သွယ်ရေး ကော်မရှင် (FCC) က တရုတ် အပါအဝင် နိုင်ငံခြားဖြစ် အဆင့်မြင့်စက်ရုပ်တွေကို အမျိုးသားလုံခြုံရေး စောင့်ကြည့်စာရင်းမှာ ထည့်သွင်းလိုက်ပြီး အမေရိကန်ဈေးကွက်ထဲ ဝင်ရောက်ခွင့်ကို တင်းတင်းကျပ်ကျပ် ပိတ်ပင်လိုက်ပါတယ်။ အဲဒီ ကန့်သတ်ချက်ထဲမှာ ဝါယာလက်စ် ချိတ်ဆက်နိုင်တဲ့ အလေးချိန် ၂ ကီလိုဂရမ်အထက် လူပုံစံ စက်ရုပ်တွေ၊ ခြေလေးချောင်းသွား စက်ရုပ်တွေနဲ့ အလိုအလျောက် သွားလာနိုင်တဲ့ စက်ရုပ်တွေအားလုံး အကျုံးဝင်ပါတယ်။

ဒါပေမဲ့ စိုးရိမ်စရာမလိုတာက လက်ရှိ အမေရိကန်မှာ ခွင့်ပြုချက်ရထားပြီးသား စက်ရုပ်တွေကိုတော့ ဆက်လက် အသုံးပြု ရောင်းချခွင့် ပြုထားပါတယ်။ ဒီပိတ်ပင်မှုဟာ ခွင့်ပြုချက် အသစ်ရယူမယ့် နိုင်ငံခြားဖြစ် စက်ရုပ်သစ်တွေကိုသာ ပစ်မှတ်ထားတာဖြစ်ပြီး နာမည်ကြီး Unitree လိုမျိုး တရုတ် စက်ရုပ်ကုမ္ပဏီတွေအတွက်တော့ အကြီးမားဆုံး ထိုးနှက်ချက် ဖြစ်လာနိုင်ပါတယ်။

ဒီလို ပြင်းပြင်းထန်ထန် ကန့်သတ်ရတာဟာ အဲဒီစက်ရုပ်တွေကနေတစ်ဆင့် ဆိုက်ဘာတိုက်ခိုက်ခံရတာ၊ စောင့်ကြည့်ထောက်လှမ်းခံရတာ၊ ဒေတာ ခိုးယူခံရတာနဲ့ အဝေးကနေ လှမ်းပြီး ထိန်းချုပ်ခံရနိုင်တဲ့ အန္တရာယ်တွေ ရှိနေလို့ဖြစ်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက အကြောင်းပြထားပါတယ်။ တရုတ်နိုင်ငံဘက်ကတော့ ဒီဆုံးဖြတ်ချက်အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ထားပြီး လိုအပ်ရင် လက်တုံ့ပြန်သွားမယ်လို့ သတိပေးထားတဲ့အတွက် ရှေ့ဆက်ဖြစ်လာမယ့် အခြေအနေတွေကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Ref : Technology Innovation