Apple ရဲ့ စီအီးအိုအသစ်ဖြစ်လာတဲ့ John Ternus ဟာ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှာ Tim Cook နေရာကို တရားဝင်ဆက်ခံလိုက်ပြီဖြစ်ပါတယ်။ Steve Jobs နဲ့ Tim Cook တို့နောက်ပိုင်း Apple သမိုင်းမှာ တတိယမြောက် ခေါင်းဆောင်အပြောင်းအလဲဖြစ်ပြီး ကုမ္ပဏီကို ကြီးမားတဲ့စီးပွားရေးအင်ပါယာကြီးတစ်ခုဖြစ်အောင် တည်ဆောက်ခဲ့တဲ့ Cook ရဲ့ခေတ် ကုန်ဆုံးသွားပြီလို့ ဆိုနိုင်ပါတယ်။
Apple မှာ အနှစ် ၂၀ ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ Ternus ဟာ ဟာ့ဒ်ဝဲအင်ဂျင်နီယာပိုင်းဆိုင်ရာ အတွေ့အကြုံရင့်ကျက်သူတစ်ဦး ဖြစ်ပါတယ်။ အခုလို AI ခေတ်မှာ ဆော့ဖ်ဝဲထက် စက်ပစ္စည်းအတွင်းမှာပဲ AI လုပ်ဆောင်ချက်တွေ ပေါင်းစပ်ဖို့ အရေးပါလာတဲ့အတွက် ဟာ့ဒ်ဝဲနဲ့ ထုတ်ကုန်ပိုင်းကို ကောင်းကောင်းနားလည်တဲ့ သူ့ကို အခုလို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
Ternus အနေနဲ့ အလွန်အောင်မြင်နေတဲ့ ကုမ္ပဏီကြီးကို ဆက်ခံရတာဖြစ်ပေမယ့် စိန်ခေါ်မှုတွေကလည်း ကြီးမားနေပါတယ်။ ကုမ္ပဏီရဲ့ ထုတ်ကုန်အသစ်ထွက်ရှိမှု နှေးကွေးနေတာ၊ AI နည်းပညာပိုင်းမှာ အခြားပြိုင်ဘက်တွေထက် နောက်ကျနေတာနဲ့ နောက်ထပ်မျိုးဆက်သစ်နည်းပညာကို ရှာဖွေရမယ့် ဖိအားတွေကြားမှာ အနာဂတ်အတွက် ဘယ်လိုပုံဖော်သွားမလဲဆိုတာက သူ့အတွက် အဓိကစမ်းသပ်မှုကြီးတစ်ခု ဖြစ်လာမှာပါ။
Ref : eu.36.kr
