အရင်က တစ်ခါမှ မရောက်ဖူးတဲ့ အိမ်တွေမှာ စက်ရုပ်တစ်ရုပ်က အိပ်ယာခင်း၊ တဘက်ခေါက်ပြီး ဧည့်ခန်းရှင်းပေးမယ်ဆိုရင် ယုံနိုင်စရာ ရှိပါ့မလား။ အခုတော့ Figure ကုမ္ပဏီရဲ့ နောက်ဆုံးပေါ် လူတူစက်ရုပ် Figure 03 က အဲဒီလို အိမ်မှုကိစ္စတွေကို ဆန်ဖရန်စစ္စကို ပင်လယ်အော်ဒေသက အိမ်ပေါင်း ၃၀ မှာ စမ်းသပ်လုပ်ဆောင်ပြခဲ့ပါတယ်။

အရပ် ၅ ပေ ၈ လက်မနဲ့ အလေးချိန် ၆၁ ကီလိုဂရမ်သာရှိတဲ့ အဲဒီစက်ရုပ်လေးမှာ အဆင့်မြင့် Helix 2.5 စနစ်ကို တပ်ဆင်ထားပါတယ်။ စမ်းသပ်မှု အကြိမ်ရေ ၄၂၀ ပြုလုပ်ခဲ့ရာမှာ ၂၃၇ ကြိမ်အထိ တိတိကျကျ လုပ်ဆောင်နိုင်ခဲ့လို့ အောင်မြင်မှု ၅၆ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။ အထူးသဖြင့် အိပ်ယာခင်းတဲ့နေရာမှာ ၆၇ ရာခိုင်နှုန်းနဲ့ အတော်လေး ပိုင်နိုင်တာကို တွေ့ရပြီး တဘက်ခေါက်ရာမှာလည်း ၆၂ ရာခိုင်နှုန်း အောင်မြင်ခဲ့ပါတယ်။ အရုပ်တွေ သိမ်းဆည်းတဲ့ နေရာမှာတော့ ၄၀ ရာခိုင်နှုန်းသာ အောင်မြင်သေးလို့ နည်းနည်း ထပ်ကြိုးစားရဦးမယ့် အနေအထားမှာ ရှိနေပါတယ်။

စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ စက်ရုပ်ကို ထိန်းချုပ်ထားတဲ့ Helix 2.5 စနစ်ဟာ သူ့အမှားကို သူပြန်သိပြီး ပြင်ဆင်နိုင်စွမ်း ရှိနေတာပါပဲ။ အလုပ်လုပ်ရင်း အဆင်မပြေဖြစ်သွားရင် နောက်ဆုတ်တာ၊ နေရာပြောင်းတာမျိုးတွေ လုပ်ပြီး ပြန်ကြိုးစားတတ်ပါတယ်။ ဒါကြောင့် လက်ရှိမှာ အိမ်မှုကိစ္စတိုင်းကို ရာနှုန်းပြည့် အားကိုးလို့ မရသေးပေမယ့် မကြာခင် အနာဂတ်မှာတော့ လူသားတွေအတွက် တကယ့်လက်ထောက်ကောင်းတွေ ဖြစ်လာနိုင်ခြေ ရှိနေပါတယ်။
Ref : Technology Innovation