တက်စလာက ဥရောပဝဘ်ဆိုက်တွေမှာ အသုံးပြုနေတဲ့ Full Self-Driving ဆိုတဲ့ အမည်ကို Tesla Assisted Driving ဆိုပြီး အပြောင်းအလဲလုပ်လာပါတယ်။ အဲဒီလို ပြောင်းလဲရတာက ဥရောပသမဂ္ဂနိုင်ငံတွေအတွင်းမှာ အလိုအလျှောက်မောင်းနှင်ရေးနည်းပညာအတွက် လိုအပ်တဲ့ ခွင့်ပြုချက်တွေကို ပိုမိုရရှိလာစေဖို့ အဓိက ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။ လက်ရှိမှာ အဲဒီလို အမည်ပြောင်းလဲထားတဲ့ စာမျက်နှာတွေထဲမှာ ဂျာမနီ၊ စပိန်နဲ့ နယ်သာလန်နိုင်ငံတွေ ပါဝင်နေပြီး ဥရောပဈေးကွက်ကို အဓိက ဦးတည် လုပ်ဆောင်လာတာ တွေ့ရပါတယ်။

မူလအသုံးပြုခဲ့တဲ့ အမည်ဟာ ကားဟာ လူရဲ့ အကူအညီမလိုဘဲ အပြည့်အဝ အလိုအလျှောက်မောင်းနိုင်တယ်လို့ အထင်မှားစေနိုင်တယ်လို့ ဂျာမနီနိုင်ငံက ယူဆခဲ့တာကြောင့် Tesla ဘက်က အခုလို အမည်ပြောင်းပေးဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ အမည်သစ် ပြောင်းလဲခဲ့ပေမဲ့လည်း အဲဒီနည်းပညာဟာ ကားကို ကိုယ်တိုင်လုံးဝမောင်းနှင်တဲ့စနစ် မဟုတ်ဘဲ မောင်းနှင်ရာမှာ ကူညီပေးတဲ့စနစ်သာ ဖြစ်ပါတယ်။ ဒါကြောင့် ကားမောင်းသူတွေအနေနဲ့ အမြဲတမ်း သတိဝီရိယရှိရှိနဲ့ အချိန်မရွေး ကားကို ထိန်းချုပ်ဖို့ အသင့်ပြင်ဆင်ထားရမယ်လို့ Tesla က တိုက်တွန်းပြောကြားထားပါတယ်။
ဥရောပနိုင်ငံတွေမှာ အဲဒီနည်းပညာကို နိုင်ငံပေါင်း ၈ နိုင်ငံက ခွင့်ပြုပေးထားပြီး ဖြစ်ပါတယ်။ နောက်ထပ်နိုင်ငံတွေမှာပါ ဆက်လက်တိုးချဲ့အသုံးပြုနိုင်ဖို့အတွက် ကြိုးပမ်းနေပေမဲ့ အီးယူတစ်ဝန်းလုံးဆိုင်ရာ မဲခွဲဆုံးဖြတ်မှုကိုတော့ အနည်းဆုံး ဒီဇင်ဘာလအထိ ရွှေ့ဆိုင်းထားပါတယ်။
Ref : Technology Innovation