“Pemba” လို့ နာမည်ပေးထားတဲ့ Unitree G1 အမျိုးအစား လူတူစက်ရုပ်တစ်ရုပ်ဟာ အီကွေဒေါနိုင်ငံက အမြင့်ပေ ၂၀,၃၄၁ ပေ ရှိတဲ့ ချင်ဘိုရာဇို (Chimborazo) မီးတောင်ထိပ်ကို စမ်းသပ်တောင်တက်ရင်းနဲ့ အောင်မြင်စွာ ခြေချနိုင်ခဲ့ပါတယ်။ အင်ဂျင်နီယာ ပါပလို ဘာလန်ဂါ ဘိုမာရီ ဦးဆောင်တဲ့ ဒီပရောဂျက်ဟာ လူတွေသွားရလာရ ခက်ခဲတဲ့ ဝေးလံခေါင်ဖျားဒေသတွေကို ကင်မရာတွေ၊ အာရုံခံကိရိယာတွေ၊ AI နဲ့ ဂြိုဟ်တုဆက်သွယ်ရေးစနစ်တွေ တပ်ဆင်ထားတဲ့ လူတူစက်ရုပ်တွေသုံးပြီး ရှာဖွေစူးစမ်းဖို့ ခြေလှမ်းစလိုက်တာ ဖြစ်ပါတယ်။

Robot mountaineer reaches 6,200-meter peak in Ecuador

၁၆ နာရီကြာမြင့်ခဲ့တဲ့ ဒီတောင်တက်ခရီးစဉ်အတွင်းမှာ Pemba စက်ရုပ်ဟာ တိမ်းစောင်းမှု ၃၀ ဒီဂရီအောက်ရှိတဲ့ အဆင်ပြေတဲ့ လမ်းကြောင်းတွေမှာတော့ ကိုယ်တိုင် လမ်းလျှောက်တက်ခဲ့တာပါ။ ဒါပေမဲ့ ပိုပြီးမတ်စောက်ပြီး အန္တရာယ်များတဲ့ နေရာတွေမှာတော့ တောင်တက်အဖွဲ့သားတွေကပဲ ချီပိုးပွေ့ချီပြီး သယ်ဆောင်ခဲ့ကြရပါတယ်။ အမြင့်ပေ အရမ်းများတဲ့နေရာက အေးခဲတဲ့ရာသီဥတုဟာ စက်ရုပ်တွေရဲ့ ဘက်ထရီကို အလျင်အမြန် အားကုန်စေတာကြောင့် အင်ဂျင်နီယာတွေက စက်ရုပ် အေးခဲမသွားဘဲ ပုံမှန်အလုပ်လုပ်နိုင်ဖို့ အထူးအပူထိန်းစနစ်တွေကိုပါ အဆင့်မြှင့်တင်ပေးခဲ့ရပါတယ်။

Humanoid robot G1_Humanoid Robot Functions_Humanoid Robot Price | Unitree  Robotics

ဒီစက်ရုပ်ရဲ့ ရည်မှန်းချက်က ဒီတင် မကသေးပါဘူး။ နောက်ထပ် ရေရှည်စီမံကိန်းအနေနဲ့ ဟိမဝန္တာတောင်တန်းက ဧဝရတ်တောင်ခြေစခန်း (Everest Base Camp) ကနေ အမြင့်ပေ ၂၆,၀၀၀ ကျော်ရှိတဲ့ စခန်း (၄) အထိ လေထုပါးလွှာမှုနဲ့ ကြမ်းတမ်းတဲ့ ရာသီဥတုဒဏ်ကို ဘယ်လိုခံနိုင်မလဲဆိုတာ ဆက်ပြီး စိန်ခေါ်သွားဖို့ ရှိနေပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ နီပေါနိုင်ငံဘက်က ဧဝရတ်တောင်ပေါ်ကို စက်ရုပ်တွေနဲ့ တောင်တက်မယ့်ကိစ္စအပေါ် တရားဝင် စည်းမျဉ်းစည်းကမ်း တိတိကျကျ မရှိသေးတာကြောင့် ရှေ့ဆက်မတက်ခင်မှာ စည်းမျဉ်းသစ်တွေ ထုတ်ပြန်နိုင်ဖို့ အစိုးရ တာဝန်ရှိသူတွေက ပြင်ဆင်နေကြရပါတယ်။

Ref : Technology Innovation