ယူအီးအီး (UAE) ရိုးရာဝတ်စုံကို အပြည့်အစုံဝတ်ဆင်ထားပြီး ယူနီထရီး ဂျီဝမ်း (Unitree G1) နည်းပညာနဲ့ တည်ဆောက်ထားတဲ့ ‘Bu Sunaidah’ အမည်ရ လူတူစက်ရုပ်တစ်ခုဟာ ဒူဘိုင်းဗလီတစ်ခုက အိဒ် (Eid) ဝတ်ပြုဆုတောင်းပွဲမှာ ပေါ်လာခဲ့ပြီးနောက် လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ကျော်ကြားသွားခဲ့ပါတယ်။
ဝတ်ပြုဆုတောင်းဖို့ ရောက်လာကြတဲ့ အစ္စလာမ်ဘာသာဝင်တွေကြားထဲမှာ ဒီလူတူစက်ရုပ်က မတ်တတ်ရပ်တာ၊ ဦးညွှတ်တာနဲ့ ကန်တော့တာ အစရှိတဲ့ ဘာသာရေးဆိုင်ရာ ဝတ်ပြုလှုပ်ရှားမှုတွေကို လူတွေအတိုင်း လိုက်လံလုပ်ဆောင်နေတာကို မြင်တွေ့ခဲ့ရလို့ ဗီဒီယိုဖိုင်တွေဟာ အင်တာနက်ပေါ်မှာ ချက်ချင်းဆိုသလို ရေပန်းစားသွားခဲ့တာ ဖြစ်ပါတယ်။

ဒီမြင်ကွင်းကြောင့် အွန်လိုင်းအသုံးပြုသူတွေကြားမှာ အချေအတင် ဆွေးနွေးစရာတွေ ဖြစ်လာခဲ့ပါတယ်။ တချို့က ခေတ်မီနည်းပညာနဲ့ ရိုးရာယဉ်ကျေးမှုကို ဆန်းသစ်အောင် ပေါင်းစပ်ပြသနိုင်တာလို့ သဘောကျနေကြပေမယ့် တချို့ကတော့ ဘာသာရေးအရ ဝတ်ပြုကိုးကွယ်မှုဆိုတာ စိတ်နေသဘောထားနဲ့ သက်ဝင်ယုံကြည်မှုအပေါ်မှာပဲ အခြေခံတာကြောင့် စက်ရုပ်တွေအနေနဲ့ ဒီလိုနေရာမျိုးမှာ မပါဝင်သင့်ဘူးလို့ ဝေဖန်ကန့်ကွက်နေကြပါတယ်။
တကယ်တော့ ဒီလူတူစက်ရုပ်ဟာ အရင်ကတည်းက ဝတ်ပြုဆုတောင်းဖို့ ဖိတ်ခေါ်သံ (အာဇန်) ကို ရွတ်ဆိုပြတာနဲ့ ကိုရမ်ကျမ်းစာတွေကို ရွတ်ဖတ်ပြတဲ့ ဗီဒီယိုတွေကြောင့် လူသိများပြီးသားလည်း ဖြစ်ပါတယ်။
![]()
လက်ရှိမှာတော့ Bu Sunaidah ဟာ ယူအီးအီးနိုင်ငံရဲ့ လူထုပွဲလမ်းသဘင်တွေမှာ မပါမဖြစ် ဖိတ်ကြားခံရတဲ့အထိ ရေပန်းစားနေတဲ့ စတားတစ်ဦး ဖြစ်နေပါတယ်။
ဒါ့အပြင် နည်းပညာ တီထွင်ဆန်းသစ်မှုနဲ့ စက်ရုပ်နည်းပညာကဏ္ဍကို ကမ္ဘာ့အဆင့်မီဖြစ်အောင် အထူးအလေးပေး လုပ်ဆောင်နေတဲ့ ယူအီးအီးနိုင်ငံရဲ့ အနာဂတ်မျှော်မှန်းချက်ကို ပေါ်လွင်စေတဲ့ ပြယုဂ်တစ်ခုအဖြစ်လည်း အားလုံးက စိတ်ဝင်တစား စောင့်ကြည့်ခြင်း ခံနေရပါတယ်။