Booster Robotics ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ T1 လူတူစက်ရုပ်ဟာ ဘောလုံးကို အားပြင်းပြင်းနဲ့ ကန်သွင်းလိုက်ရာမှာ ဂိုးပိုက်ကို ဖောက်ထွက်ပြီး နောက်ကွယ်က နံရံကိုပါ အပေါက်ဖြစ်သွားစေလောက်အောင် စွမ်းအားပြခဲ့တဲ့ ဗီဒီယိုတစ်ခု လူမှုကွန်ရက်ပေါ်မှာ အတော်လေး ရေပန်းစားနေပါတယ်။ ပေကျင်းအခြေစိုက် Booster Robotics ကုမ္ပဏီဟာ အဲဒီစက်ရုပ်ကို ဘောလုံးကန်တဲ့ သရုပ်ပြပွဲတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပြီး အားပြင်းတဲ့ ကန်ချက်တွေတင်မကဘဲ ထောင့်ဖြတ် ကန်သွင်းချက်တွေကိုပါ တိတိကျကျ လုပ်ဆောင်နိုင်တာကို ပြသခဲ့တာ ဖြစ်ပါတယ်။

အခုလို ဗီဒီယိုတွေဟာ အားကစား၊ ကခုန်ခြင်းနဲ့ ကိုယ်ခံပညာရပ်တွေမှာ လူတူစက်ရုပ်တွေကို ပိုမိုတိုးမြှင့်အသုံးပြုလာတာကို မီးမောင်းထိုးပြနေတာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွမ်းကျင်သူတွေကတော့ အဲဒီဗီဒီယိုတွေဟာ စနစ်တကျ ထိန်းချုပ်ထားတဲ့ သရုပ်ပြကွက်တွေသာ ဖြစ်တာကြောင့် လက်တွေ့ပြင်ပကမ္ဘာမှာ အမှားအယွင်းမရှိ အမြဲတမ်း ပုံမှန်စွမ်းဆောင်နိုင်မယ့် အခြေအနေမျိုးကို အပြည့်အဝ ကိုယ်စားမပြုနိုင်သေးဘူးလို့ ဆိုကြပါတယ်။

အဲဒီ T1 စက်ရုပ်ဟာ RoboCup စက်ရုပ်ဘောလုံးပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပေမယ့် သုတေသီတွေကတော့ အဲဒီစက်ရုပ်ရဲ့ ပြင်းထန်တဲ့ စွမ်းအားဟာ လူသားတွေရဲ့ ပတ်ဝန်းကျင်မှာ သေချာမထိန်းချုပ်နိုင်ရင် ဘေးအန္တရာယ် ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။
Ref : Fossbytes