အက်စတိုးနီးယားအခြေစိုက် Rollo Robotics ကုမ္ပဏီက သိုလှောင်ရုံတွေ၊ စက်ရုံတွေနဲ့ ကျယ်ဝန်းတဲ့ တက္ကသိုလ်ဝင်းတွေကို အလိုအလျောက် ကင်းလှည့်စောင့်ကြည့်ပေးနိုင်မယ့် 1Rollo အမည်ရှိ ဘီးတစ်ဘီးတည်းပါ AI စက်ရုပ်ကို မိတ်ဆက်လိုက်ပါတယ်။ ဘာသာစကား အမျိုးမျိုးသုံး AI စနစ်၊ ၃၆၀ ဒီဂရီ ကင်မရာ၊ GPS နဲ့ အာရုံခံကိရိယာတွေ တပ်ဆင်ထားတဲ့ အဲဒီစက်ရုပ်ဟာ အတားအဆီးတွေကို ပါးပါးနပ်နပ် ရှောင်ကွင်းပြီး သံသယဖြစ်ဖွယ် လှုပ်ရှားမှုတွေကို တိတိကျကျ ထောက်လှမ်းပေးနိုင်တာပါ။ မသင်္ကာစရာ တစ်ခုခုတွေ့တာနဲ့ လူသားထိန်းချုပ်သူဆီ ချက်ချင်း အကြောင်းကြားပေးမှာဖြစ်သလို ပါဝင်တဲ့ စပီကာနဲ့ မိုက်ခရိုဖုန်းကနေတစ်ဆင့်လည်း အဝေးကနေ တိုက်ရိုက် စကားပြောဆို ထိန်းချုပ်နိုင်ပါတယ်။

ဒီစက်ရုပ်ရဲ့ စွမ်းဆောင်ရည်ကို ပိုမိုမြင့်မားလာစေဖို့၊ ဒဏ်ခံနိုင်ရည်ရှိအောင် အဆင့်မြှင့်ဖို့နဲ့ အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်ဖို့အတွက် Rollo Robotics ဟာ ယူရို ၃ ဒသမ ၇ သန်း (အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ သန်း) အထိ ရင်းနှီးမြှုပ်နှံမှု ရရှိထားပြီး ဖြစ်ပါတယ်။ အဲဒီစက်ရုပ်ကို လာမယ့်နှစ်မှာ လစဉ်ကြေးယူတဲ့ ဝန်ဆောင်မှုစနစ်နဲ့ စီးပွားရေးစျေးကွက်ထဲ စတင်မိတ်ဆက်သွားဖို့ ကုမ္ပဏီက ပြင်ဆင်နေပါတယ်။

1Rollo စက်ရုပ်ဟာ လုံခြုံရေးဝန်ထမ်းတွေ ပင်ပင်ပန်းပန်း ပုံမှန်လှည့်ကင်း ပတ်ရတဲ့ ဝန်ထုတ်ဝန်ပိုးကို သက်သာစေမယ့်အပြင် နေရာဒေသမရွေး လုံခြုံရေးအဆင့်အတန်းကိုပါ ပိုမိုစိတ်ချရအောင် မြှင့်တင်ပေးနိုင်မယ်လို့ စတက်အပ်ကုမ္ပဏီက ယုံကြည်နေပါတယ်။
Ref : Technology Innovation