လျှပ်စစ်ကားလောကမှာ နာမည်ကြီးနေတဲ့ တရုတ်ကုမ္ပဏီကြီး BYD ဟာ အခုဆိုရင် လူတူစက်ရုပ်လောကထဲကိုပါ ခြေလှမ်းစတင်လိုက်ပါပြီ။ လာမယ့် သြဂုတ်လမှာဆိုရင် BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေကို Di Space ပြခန်းတွေမှာ စတင်မိတ်ဆက်သွားမှာပါ။ အဲဒီ စက်ရုပ်တွေဟာ ရုပ်လုံးပြရုံ သက်သက်မဟုတ်ဘဲ ပြခန်းကို လာရောက်လေ့လာသူတွေနဲ့ တိုက်ရိုက် အပြန်အလှန် ဆက်သွယ်စကားပြောနိုင်မယ်လို့ သိရပါတယ်။ ဒါဟာ ပြိုင်ဘက် Tesla ရဲ့ ခြေလှမ်းတွေကို အမီလိုက်ပြီး လူတူစက်ရုပ်ဈေးကွက်ကို ထိုးဖောက်ဖို့ ပြင်ဆင်လာတာပဲ ဖြစ်ပါတယ်။

BYD logo displayed at the Beijing Auto Show on April 25, 2024. Photo: AFP

BYD တစ်ခုတည်းသာမက Xpeng၊ Li Auto နဲ့ Xiaomi စတဲ့ တခြား တရုတ် လျှပ်စစ်ကားကုမ္ပဏီတွေကလည်း စက်ရုံလုပ်ငန်းတွေ၊ ကုန်စည်ပို့ဆောင်ရေးနဲ့ သက်ကြီးရွယ်အို စောင့်ရှောက်ရေးတွေမှာ အကူအညီပေးနိုင်မယ့် လူတူစက်ရုပ်တွေကို အပြိုင်အဆိုင် တီထွင်နေကြပါတယ်။ သာဓကအနေနဲ့ Xpeng ဟာ ၂၀၂၆ ခုနှစ်အကုန်မှာ တစ်လကို လူတူစက်ရုပ် ၁၀၀၀ ကျော်အထိ ထုတ်လုပ်သွားဖို့နဲ့ ၂၀၂၇ ခုနှစ်မှာ ကမ္ဘာတစ်ဝန်းကို တင်ပို့ရောင်းချနိုင်ဖို့ ကြီးမားတဲ့ ရည်မှန်းချက်တွေ ချမှတ်ထားပါတယ်။

BYD enters the market for humanoid robots: competition for Tesla? –  Shop4Tesla

လက်ရှိမှာ အမေရိကန်နဲ့ တရုတ်ကြား နည်းပညာ ပြိုင်ဆိုင်မှုတွေ အထွတ်အထိပ် ရောက်နေချိန်မှာ တရုတ်ကားကုမ္ပဏီတွေဟာ AI နည်းပညာသုံး စက်ရုပ်ကဏ္ဍမှာပါ Tesla ကို အပြင်းအထန် ယှဉ်ပြိုင်နေကြတာပါ။ အမေရိကန်ဘက်က တရုတ်စက်ရုပ်တွေ တင်သွင်းခွင့်ကို ကန့်သတ်ပိတ်ပင်ထားပေမယ့် တရုတ်နိုင်ငံမှာ လူတူစက်ရုပ်ထုတ်လုပ်တဲ့ ကုမ္ပဏီ ၁၀၀ နီးပါးလောက် ရှိနေပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဈေးကွက်ရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကို ရယူထားနိုင်တာကြောင့် စက်ရုပ်ထုတ်လုပ်မှု ကဏ္ဍမှာ တရုတ်တို့က အသာစီးရနေဆဲဖြစ်ကြောင်း စိတ်ဝင်စားဖွယ် တွေ့ရပါတယ်။

Ref : South China Morning Post