တန်ဖိုးကြီး စမတ်ဖုန်းတွေ ဖန်တီးတဲ့ Caviar က ထင်ရှားတဲ့ ရုပ်ရှင်ဇာတ်ကောင်တွေဖြစ်တဲ့ Scarface၊ The Godfather နဲ့ Joker တို့ကို အခြေခံထုတ်လုပ်ထားတဲ့ Samsung Galaxy Z Fold 8 Galaxy Z Fold 8 Ultra အထူးထုတ်တွေကို မိတ်ဆက်လိုက်ပါတယ်။ Legends collection လို့ အမည်ပေးထားတဲ့ အဲဒီဖုန်းတွေမှာ တန်ဖိုးကြီးသတ္တုတွေ အသုံးပြုထားပြီး ဈေးနှုန်းလည်း မြင့်မားပါတယ်။ ဖုန်းမော်ဒယ်တစ်လုံးကို ၁၉ လုံးသာ ကန့်သတ်ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

ဖုန်းတွေရဲ့ ကျောဘက်ကို ရိုးရာကြွေရည်သုတ်ပညာရပ်နဲ့ အလှဆင်ထားပြီး ဘေးဘောင်တွေနဲ့ ကင်မရာအုံကို ၂၄ ကာရက်ရွှေနဲ့ ကွပ်ပေးထားပါတယ်။ Galaxy Z Fold 8 ကို အခြေခံထားတဲ့ Scarface နဲ့ The Godfather မော်ဒယ်တွေမှာ Tony Montana နဲ့ Don Vito Corleone တို့ရဲ့ ပုံတွေ ပါဝင်ပါတယ်။ အဲဒီမော်ဒယ်တွေရဲ့ အနိမ့်ဆုံး 256GB ဗားရှင်း ဈေးနှုန်းကတော့ ကန်ဒေါ်လာ ၁၂,၅၆၀ ကနေ စတင်ပါတယ်။

ပိုမိုကြီးမားတဲ့ Galaxy Z Fold 8 Ultra ကို အခြေခံထားတဲ့ တတိယမြောက် Joker မော်ဒယ်မှာတော့ ခရမ်း၊ အစိမ်းနဲ့ ဘာဂန်ဒီအရောင်တွေ အသုံးပြုထားပြီး ကတ်ပြားတွေ ကိုင်ထားတဲ့ Joker ပုံ ပါဝင်ပါတယ်။ အဲဒီမော်ဒယ်ရဲ့ ဈေးနှုန်းကတော့ ကန်ဒေါ်လာ ၁၂,၉၉၀ ကနေ စတင်ပါတယ်။ ဖုန်းအားလုံးကို အထူးထုပ်ပိုးမှုနဲ့အတူ ၂၄ ကာရက်ရွှေရည်စိမ်ထားတဲ့ သော့တံတစ်ခု ပါဝင်မှာဖြစ်ပြီး လက်ရှိမှာ အော်ဒါတင်နိုင်ပြီ ဖြစ်ပါတယ်။

Ref : Gizmochina