တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ မီးလိုင်းတွေ ပြတ်တောက်ပြီး အမှောင်ကျသွားတာမျိုး မဖြစ်ရအောင် ကာကွယ်ဖို့အတွက် ဗို့အားမြင့် ကေဘယ်ကြိုးတွေပေါ် တိုက်ရိုက်တွားသွားနိုင်တဲ့ “မြွေပုံသဏ္ဌာန်စက်ရုပ်တွေ” ကို အသုံးပြုနေပါတယ်။ ဒီစက်ရုပ်တွေရဲ့ အမိုက်စားအချက်ကတော့ လျှပ်စစ်မီး ဖြတ်တောက်စရာမလိုဘဲ မီးလိုင်းတွေပေါ်မှာတင် ကင်မရာနဲ့ အပူချိန်တိုင်း ဆင်ဆာတွေကို သုံးပြီး ကြိုးပြတ်တာ၊ သံချေးတက်တာ၊ ပစ္စည်းတွေ လျော့ရဲတာနဲ့ အပူလွန်ကဲတာတွေကို အချိန်နဲ့တပြေးညီ ရှာဖွေစစ်ဆေးပေးနိုင်တာပဲ ဖြစ်ပါတယ်။

ဒါတင်မကသေးဘဲ အဲဒီမြွေစက်ရုပ်တွေဟာ မီးလိုင်းတွေရဲ့ ဘေးပတ်ပတ်လည်မှာရှိတဲ့ လျှပ်စစ်သံလိုက်စက်ကွင်းကနေ စွမ်းအင်ကို ကိုယ်တိုင်ဖမ်းယူ အားဖြည့်နိုင်စွမ်း ရှိပါတယ်။ ဒါကြောင့်မို့လို့ ခဏခဏ ဘက်ထရီလဲပေးဖို့ မလိုဘဲ အချိန်အကြာကြီး စဉ်ဆက်မပြတ် တွားသွားပြီး အလုပ်လုပ်နိုင်တာ ဖြစ်ပါတယ်။

ဂွမ်ဒုခရိုင် ဓာတ်အားခွဲရုံကနေ တီထွင်လိုက်တဲ့ အဲဒီစက်ရုပ်တွေဟာ လက်ရှိမှာ လျှပ်စစ်ဓာတ်အားလိုင်း ကီလိုမီတာ ၁၃၀ ကျော် (မိုင် ၈၀ ခန့်) အထိကို အောင်အောင်မြင်မြင် စစ်ဆေးပေးပြီးဖြစ်ပါတယ်။ အဲဒီအထဲမှာ လေဆိပ်ရဲ့ လေကြောင်းပျံသန်းမှု ကန့်သတ်ဇုန်အနီးက မီးလိုင်းတွေနဲ့ တရုတ်နိုင်ငံရဲ့ အရေးအကြီးဆုံး အမျိုးသားအဆင့် ကောလိပ်ဝင်ခွင့် စာမေးပွဲ (gaokao) ကျင်းပတဲ့ စာစစ်ဌာနတွေလိုမျိုး မီးပြတ်လို့ လုံးဝမဖြစ်တဲ့ နေရာတွေပါ ပါဝင်တယ်လို့ သိရပါတယ်။
Ref : Technology Innovation