ဝန်ထမ်းတွေကို AI အကန့်အသတ်မရှိ သုံးခွင့်ပေးလိုက်ရာကနေ တစ်လတည်းနဲ့တင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ (မြန်မာငွေ ဘီလီယံချီ) ပြာကျသွားခဲ့ရတဲ့ လျှို့ဝှက်ဆန်းကြယ် ကုမ္ပဏီကြီးတစ်ခုအကြောင်း Axios သတင်းဌာနက ဖွင့်ချလိုက်ပါတယ်။ ဘာကြောင့် ဒီလောက်အထိ ကုန်သွားရသလဲဆိုရင် AI စနစ်တွေဟာ အသုံးပြုတဲ့ စာလုံးရေ (Token) ပမာဏအပေါ် မူတည်ပြီး ပိုက်ဆံကောက်ခံတာ ဖြစ်ပါတယ်။ သာမန် မေးခွန်းမေးတာမျိုး မဟုတ်ဘဲ ရှုပ်ထွေးတဲ့ ရုံးလုပ်ငန်းစဉ်တွေကို AI နဲ့ ပေါင်းစပ်ခိုင်းစေတဲ့အခါ Token ပမာဏက အဆ ၁,၀၀၀ ကျော်အထိ ပိုကုန်ကျတတ်ပါတယ်။ အဲဒီကုမ္ပဏီမှာတော့ ဝန်ထမ်းပေါင်း ထောင်ချီကို အကန့်သတ်မရှိ သုံးခွင့်ပေးခဲ့တာကြောင့် အပျော်တမ်းစမ်းသပ်မှုကြီးကနေ ဘဏ္ဍာရေး သွေးချောင်းစီးတဲ့ ဖြစ်ရပ်ဆိုးကြီး ဖြစ်သွားခဲ့ရတာ ဖြစ်ပါတယ်။
ဒါတင်မကသေးဘဲ ကုမ္ပဏီတွင်းမှာ “tokenmaxxing” လို့ခေါ်တဲ့ အချင်းချင်း ပြိုင်ဆိုင်မှုအလွဲကြီးတစ်ခုပါ ဖြစ်ပွားခဲ့ပါတယ်။ ဝန်ထမ်းတွေဟာ AI ကို တကယ်တမ်း လုပ်ငန်းအတွက် အသုံးချတာ မဟုတ်ဘဲ ကုမ္ပဏီရဲ့ စွမ်းဆောင်ရည်ဇယားမှာ အမှတ်ကောင်းရဖို့အတွက် AI ကို ဘယ်လောက်အသုံးပြနိုင်လဲဆိုတာ ပြိုင်ဆိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ အဆင့်မြင့် AI စနစ်ကြီးကို သုံးပြီး “ဒီနေ့ ရာသီဥတု ဘယ်လိုရှိလဲ” ဆိုတာမျိုးတွေအထိ အဓိပ္ပာယ်မရှိ လျှောက်မေးပြီး သုံးစွဲမှုပမာဏ များအောင် လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ Uber ရဲ့ အမှုဆောင်ချုပ်ကလည်း AI ကို အစွန်းရောက်အောင် အသုံးကြမ်းနေတာဟာ အမှန်တကယ် အသုံးဝင်တဲ့ ထုတ်ကုန်ထွက်လာဖို့ ဘာမှအထောက်အကူမပြုဘူးလို့ ထောက်ပြခဲ့ပါတယ်။

ဒီလိုမျိုး ဒေါ်လာ သန်း ၅၀၀ ဖိုး အလဟဿဖြစ်သွားခဲ့ရတဲ့ သာဓကကြောင့် အခုဆိုရင် ကော်ပိုရိတ်လောကမှာ AI အပေါ် အသုံးစရိတ် ပြန်လည်လျှော့ချလာနေပါတယ်။ Microsoft ကုမ္ပဏီကလည်း ၎င်းတို့ရဲ့ ဝန်ထမ်းတွေအတွက် ထားရှိပေးထားတဲ့ Claude Code လိုင်စင်အများစုကို မကြာသေးခင်ကမှ ပြန်လည်ဖျက်သိမ်းခဲ့ပါတယ်။ “လူတိုင်းအတွက် AI ဖွင့်ပေးပြီး ဘာဖြစ်မလဲ စောင့်ကြည့်မယ်” ဆိုတဲ့ ခေတ်ကတော့ ကုန်ဆုံးသွားပြီ ဖြစ်ပါတယ်။ အခုဆိုရင် ကုမ္ပဏီကြီးတွေဟာ AI ပေါ် သုံးလိုက်တဲ့ ပိုက်ဆံကနေ ကုမ္ပဏီအတွက် ဘယ်လောက်အကျိုးအမြတ် ပြန်ရမလဲ (ROI) ဆိုတာကို အသေအချာ တွက်ချက်ပြီးမှသာ စနစ်တကျ ကန့်သတ်ခွင့်ပြုပေးတော့မယ့် အခြေအနေကို ရောက်ရှိလာနေပါတယ်။
Ref : Yahoo