စတန်းဖို့ဒ်တက္ကသိုလ် ဘွဲ့နှင်းသဘင်အခမ်းအနားမှာ Google CEO Sundar Pichai မိန့်ခွန်းပြောဖို့ စင်ပေါ်တက်လာတဲ့အချိန်မှာ ကျောင်းသား အမြောက်အမြားက အခမ်းအနားကနေ ထွက်ခွာပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ BBC ဗီဒီယိုမှတ်တမ်းတွေအရ အဲဒီဆန္ဒပြမှုကို Stanford Students for Justice in Palestine အဖွဲ့က ဦးဆောင်လှုံ့ဆော်ခဲ့တာဖြစ်ပြီး Google နဲ့ အမေရိကန် အကောက်ခွန်နဲ့ လူဝင်မှုကြီးကြပ်ရေးဌာန (ICE)၊ အစ္စရေးနိုင်ငံတို့ကြားက ဆက်ဆံရေးကို မကျေနပ်လို့ အခုလို ထွက်ခွာသွားကြတာလို့ သိရပါတယ်။ ဒါ့အပြင် Google က အမေရိကန် အစိုးရကို AI နည်းပညာ ပံ့ပိုးပေးနေလို့ ဖြစ်ပါတယ်။

အခမ်းအနားကနေ ထွက်ခွာသွားတဲ့ ကျောင်းသားအရေအတွက်ဟာ ၂၀၀ နီးပါးလောက်အထိ ရှိနိုင်တယ်လို့ ဒေသတွင်းသတင်းဌာနတွေက ခန့်မှန်းထားပြီး တချို့ကျောင်းသားတွေဟာ ပါလက်စတိုင်းအလံတွေနဲ့ Google ရဲ့ AI နည်းပညာအသုံးပြုမှုကို ဝေဖန်ထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားကြပါတယ်။ Sundar Pichai ကတော့ သူ့ရဲ့မိန့်ခွန်းထဲမှာ အဲဒီဆန္ဒပြမှုတွေအပေါ် ရယ်မောပြက်လုံးထုတ်ခဲ့ပြီး နည်းပညာလောကရဲ့ ဉာဏ်ရည်တု (AI) ဆိုင်ရာ ကိစ္စရပ်တွေကိုတော့ ရှောင်ကွင်းပြောဆိုသွားခဲ့ပါတယ်။

Stanford graduates walk out on Google CEO over company's ties to Israel

အမေရိကန် တက္ကသိုလ်နယ်ပယ်တွေမှာ အခုလို နည်းပညာလောကက ထိပ်သီးခေါင်းဆောင်တွေအပေါ် ကျောင်းသားတွေက မကျေနပ်မှုကို ပြသတာတွေ ပိုများလာနေပါတယ်။ ပြီးခဲ့တဲ့ မေလတုန်းကလည်း Google CEO ဟောင်း အဲရစ် ရှမစ်က အယ်ရီဇိုးနားတက္ကသိုလ်မှာ AI အကြောင်း ပြောကြားချိန်မှာ ကျောင်းသားတွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရသလို တခြားတက္ကသိုလ်တွေမှာလည်း AI နည်းပညာကြောင့် အလုပ်အကိုင်တွေ ထိခိုက်လာမယ့်အရေးအပေါ် ကျောင်းသားတွေက စိုးရိမ်တကြီး ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

Ref : bbc