သမိုင်းမှာ အကြီးမားဆုံး စတော့ရှယ်ယာ ထုတ်ရောင်းမှုကြီး ပြုလုပ်ခဲ့တဲ့ SpaceX ကုမ္ပဏီရဲ့ ဒေါ်လာ ၇၅ ဘီလီယံတန် IPO အပြီးမှာတော့ အီလွန်မတ်စ် (Elon Musk) ဟာ လူသားမျိုးနွယ် သမိုင်းတစ်လျှောက်မှာ ကမ္ဘာ့ပထမဆုံး ထရီလီယံနာ (Trillionaire) အဖြစ် တရားဝင် စံချိန်တင်သွားခဲ့ပါပြီ။ အဲဒီရှယ်ယာ အရောင်းအဝယ် မတိုင်ခင်ကတည်းက ဒေါ်လာ ၇၈၀ ဘီလီယံနဲ့ ကမ္ဘာ့အချမ်းသာဆုံး ဖြစ်နေခဲ့တဲ့ သူ့ရဲ့ ပိုင်ဆိုင်မှုဟာ အခုအခါမှာတော့ သူ့ရဲ့ အဓိက အသက်သွေးကြောဖြစ်တဲ့ SpaceX ရဲ့ တန်ဖိုးတက်လာမှုကြောင့် စုစုပေါင်း အသားတင်ပိုင်ဆိုင်မှု ဒေါ်လာ ၁.၁ ထရီလီယံ (ဘီလီယံ ၁,၁၀၀) ကျော်အထိ ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။

Forbes မဂ္ဂဇင်းရဲ့ ထုတ်ပြန်ချက်အရ လက်ရှိ ကမ္ဘာ့ဒုတိယ အချမ်းသာဆုံးပုဂ္ဂိုလ်ရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ ဘီလီယံ ၃၀၀ ဝန်းကျင်ပဲ ရှိတာမို့ အီလွန်မတ်စ်ရဲ့ သုံးပုံတစ်ပုံတောင် မပြည့်နိုင်တော့ပါဘူး။ သမိုင်းတစ်လျှောက်မှာလည်း Larry Ellison တစ်ယောက်ပဲ ပိုင်ဆိုင်မှု ဒေါ်လာ ဘီလီယံ ၄၀၀ ကို ဖြတ်ကျော်နိုင်ခဲ့ဖူးပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေကတော့ အီလွန်မတ်စ်ရဲ့ အာကာသဒုံးပျံတွေ၊ Starlink ဂြိုဟ်တုအင်တာနက်၊ ဉာဏ်ရည်တု (AI) နဲ့ အင်္ဂါဂြိုဟ်သွားမယ့် အိပ်မက်တွေအပေါ် ယုံကြည်ပြီး ငွေပုံအောနေကြတာ ဖြစ်ပေမယ့် ဝေဖန်သူတွေကတော့ ဒီတန်ဖိုးတွေဟာ အီလွန်မတ်စ် ဆိုတဲ့ နာမည်တစ်ခုတည်း ကြောင့် တက်နေတဲ့ လေပူဖောင်း (Elon Premium) ဖြစ်တယ်လို့ ထောက်ပြနေကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ အီလွန်မတ်စ် တစ်ယောက်တည်းရဲ့ ချမ်းသာကြွယ်ဝမှုဟာ ကမ္ဘာ့နည်းပညာအချက်အခြာဖြစ်တဲ့ ထိုင်ဝမ်နိုင်ငံရဲ့ တစ်နှစ်တာ စီးပွားရေးကုန်ထုတ်လုပ်မှု (GDP) ခန့်မှန်းခြေ ဒေါ်လာ ၉၇၆.၇ ဘီလီယံထက်တောင် ပိုမိုများပြားနေပါတယ်။ ဒါတင်မကသေးဘဲ အိုင်ယာလန်၊ ဆွီဒင်နဲ့ စင်ကာပူနိုင်ငံတို့ရဲ့ တစ်နှစ်တာ စီးပွားရေးပမာဏတွေထက်ပါ ကျော်လွန်နေတာမို့ သူဟာ နိုင်ငံအတော်များများထက် ပိုမိုချမ်းသာတဲ့ သမိုင်းဝင် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
Ref : Fossbytes