ကပ်ရောဂါ၊ AI၊ နျူကလီးယားစစ်ပွဲ၊ ဆိုက်ဘာတိုက်ခိုက်မှုနဲ့ ဥက္ကာပျံဝင်ဆောင့်မှုအပါအဝင် ကမ္ဘာလုံးဆိုင်ရာ ဘေးအန္တရာယ်ကြီးတွေကနေ လူသားမျိုးနွယ် မပျက်စီးဘဲ ရှင်သန်ကျန်ရစ်ဖို့အတွက် အင်္ဂါဂြိုဟ်ပေါ်မှာ မြို့တစ်မြို့ တည်ဆောက်ရမယ်လို့ အီလွန်မတ်စ်ခ်က ပြောလိုက်ပါတယ်။ အင်္ဂါဂြိုဟ်ဆီ သွားရတဲ့ ၆ လကြာ ခရီးစဉ်ဟာ ရောဂါဆိုးတွေ မပါသွားအောင် အလိုအလျောက် သီးသန့်ခွဲခြားပေးမယ့် Quarantine တစ်ခုလို ဖြစ်သွားမှာဖြစ်သလို၊ ဂြိုဟ်နှစ်ခုကြားက ကွာဝေးတဲ့ အကွာအဝေးကလည်း ကမ္ဘာပေါ်မှာ ဘေးဒုက္ခကြုံရရင် တုံ့ပြန်ဖို့ အချိန်ပိုရစေမယ်လို့ ၎င်းရဲ့ X လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
![]()
ဒီအစီအစဉ်ဟာ စပေ့အိတ်စ် (SpaceX) ရဲ့ စတားရှစ် (Starship) ဒုံးပျံကို သုံးပြီး အင်္ဂါဂြိုဟ်ပေါ်မှာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်မယ့် မြို့တစ်မြို့ တည်ဆောက်မယ့် ရေရှည်စီမံကိန်း အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ကမ္ဘာမြေကြီးကို ဘာတစ်ခုမှ အားကိုးစရာမလိုဘဲ အဆိုပါမြို့မှာ လိုအပ်မယ့် အစားအသောက်၊ စွမ်းအင်နဲ့ အဓိက အခြေခံအရင်းအမြစ်တွေကို အင်္ဂါဂြိုဟ်ပေါ်မှာတင် ကိုယ်တိုင်ထုတ်လုပ်သွားနိုင်ရမယ်လို့လည်း မတ်စ်ခ်က ဆိုပါတယ်။
ဂြိုဟ်ပေါင်းစုံမှာ ပျံ့နှံ့နေထိုင်နိုင်တဲ့ လူသား မျိုးစိတ်ဖြစ်လာရင် ရေရှည်ကြုံရမယ့် အန္တရာယ်တွေကို လျှော့ချနိုင်မယ်ဆိုတာကို သိပ္ပံပညာရှင်တွေ သဘောတူကြပေမဲ့၊ ကမ္ဘာကို အားမကိုးဘဲ သီးသန့်ရပ်တည်နိုင်တဲ့ အင်္ဂါဂြိုဟ်အခြေစိုက်စခန်းတစ်ခု တည်ဆောက်ဖို့ဆိုတာ လူသားသမိုင်းမှာ အကြီးမားဆုံးနဲ့ ခက်ခဲလွန်းတဲ့ အင်ဂျင်နီယာဆိုင်ရာ စိန်ခေါ်မှုကြီးတစ်ခု ဖြစ်နေသေးတယ်လို့ ထောက်ပြထားကြပါတယ်။
Ref : Technology Innovation