ကိုယ့်မိသားစုဝင်၊ အလုပ်ရှင် ဒါမှမဟုတ် အာဏာပိုင်တွေရဲ့ ဖုန်းနံပါတ်အတိုင်း ပုံဖျက်ပြီး AI နည်းပညာနဲ့ အသံပါ ထပ်တူညီအောင် အတုလုပ်လိမ်လည်တဲ့ (Deepfake) ဘေးအန္တရာယ်ကနေ ကာကွယ်ပေးဖို့ Google က ဆန်းသစ်တဲ့ စနစ်တစ်ခု ချပြလိုက်ပါတယ်။ အခုခေတ်မှာ Scammer တွေဟာ အင်တာနက်ဆော့ဖ်ဝဲတွေကို သုံးပြီး ကိုယ်သိတဲ့သူတွေရဲ့ ဖုန်းနံပါတ်တွေအတိုင်း အယောင်ဆောင်ခေါ်ဆိုကြတဲ့အပြင် တကယ့်အစစ်နဲ့ လုံးဝခွဲမရတဲ့ AI အသံတုတွေနဲ့ပါ လှည့်စားနေကြတာ ဖြစ်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် Google ဟာ Phone by Google App ထဲမှာ “Fake Call Detection” (ဖုန်းခေါ်ဆိုမှုအတု ရှာဖွေဖော်ထုတ်တဲ့စနစ်) ကို တရားဝင်မိတ်ဆက်ပေးခဲ့ပါတယ်။

Google launches fake call detection in its Phone app

ဒီစနစ်ရဲ့ အလုပ်လုပ်ပုံက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဖုန်းခေါ်တဲ့သူနဲ့ လက်ခံတဲ့သူ နှစ်ယောက်စလုံးသာ Phone by Google App ကို သုံးထားမယ်ဆိုရင် ဖုန်းခေါ်လိုက်တာနဲ့ တစ်ပြိုင်နက် App အချင်းချင်း အနောက်ကွယ်ကနေ တိတ်တဆိတ် အပြန်အလှန် ချိတ်ဆက်အတည်ပြုပေးသွားမှာ ဖြစ်ပါတယ်။ ဒီလိုအတည်ပြုတဲ့နေရာမှာလည်း End-to-end Encrypted RCS စနစ်ကို သုံးထားတာကြောင့် ကိုယ်ရေးကိုယ်တာ လုံခြုံမှုအတွက် လုံးဝစိတ်ချရပါတယ်။ တကယ်လို့ လိမ်လည်သူက ဖုန်းနံပါတ်အတု၊ အသံတုတွေနဲ့ ခေါ်လာရင်တော့ အပြန်အလှန် အချက်ပြစနစ် မရှိတာကြောင့် ဖုန်းမျက်နှာပြင်ပေါ်မှာ သတိပေးချက် တန်းပေါ်လာမှာဖြစ်လို့ လိမ်လည်ခံရမယ့်အန္တရာယ်ကနေ အချိန်နဲ့တပြေးညီ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒီစနစ်ဟာ App ထဲမှာ အလိုအလျောက် ပွင့်နေမှာဖြစ်ပြီး Setting ထဲမှာ သွားပိတ်ထားလို့လည်း ရပါတယ်။

ဒီ Fake Call Detection စနစ်ကို ဒီလအတွင်းမှာပဲ Android 12နဲ့ အထက် ဖုန်းတွေအတွက် ကမ္ဘာတစ်ဝန်းလုံးမှာ စတင်ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။ ထုံးစံအတိုင်း Google ရဲ့ ကိုယ်ပိုင် Pixel ဖုန်းတွေကတော့ ဒီစနစ်ကို အရင်ဆုံး စမ်းသုံးခွင့်ရကြမှာ ဖြစ်ပါတယ်။ တခြား Android ဖုန်းကိုင်ဆောင်ထားသူတွေအနေနဲ့လည်း ကိုယ့်ဖုန်းရဲ့ default ဖုန်း App နေရာမှာ Play Store ကနေ Phone by Google App ကို ဒေါင်းလုဒ်ဆွဲပြီး သုံးနိုင်ပါတယ်။

Ref : gsmarena