အဝတ်အစား ဒီဇိုင်းလန်းလန်းတွေ ဝတ်ပြီး မော်ဒယ်တွေနဲ့အတူ ခြေလှမ်းမှန်မှန် catwalk လျှောက်နေတဲ့ လူတူစက်ရုပ် (Humanoid Robot) တွေကို မြင်ရမယ့် အနာဂတ်က အဝေးကြီးမှာ မဟုတ်တော့ပါဘူး။ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က Galaxy Robot Park မှာ “Mach33: Physical AI Fashion Show” ဆိုတဲ့ ထူးထူးခြားခြား စက်ရုပ်ဖက်ရှင်ရှိုးတစ်ခုကို ကျင်းပသွားခဲ့ပါတယ်။ အဲဒီပွဲမှာ စက်ရုပ်တွေဟာ လူမော်ဒယ်တွေနဲ့အတူ ဝတ်စုံဆင်တူတွေဝတ်ပြီး ပို့စ်ပေးတာ၊ စင်ပေါ်မှာ တွဲဖက်လမ်းလျှောက်တာတင်မကဘဲ လူတွေနဲ့ ကကွက်ပြိုင်တာတွေကိုပါ တက်ညီလက်ညီ ဖျော်ဖြေပြသသွားခဲ့တာ ဖြစ်ပါတယ်။

Robots need clothes': humanoids hit catwalk in Seoul

ဒါဟာ စက်ရုပ်တွေကို စက်ရုံအလုပ်ရုံတွေနဲ့ သုတေသနခန်းတွေထဲမှာပဲ အလုပ်ကြမ်းခိုင်းထားမယ့်အစား လူတွေရဲ့ နေ့စဉ်ဘဝနဲ့ ဖျော်ဖြေရေးနယ်ပယ်ထဲကိုပါ အနုပညာဆန်ဆန် ဆွဲခေါ်လာနိုင်ဖို့ ကြိုးစားလိုက်တာ ဖြစ်ပါတယ်။ အခုပွဲကို ဖန်တီးလိုက်တဲ့ Galaxy Corporation ဟာ နာမည်ကြီး K-pop ကြယ်ပွင့် G-Dragon ကို စီမံခန့်ခွဲပေးနေတဲ့ နည်းပညာနဲ့ ဖျော်ဖြေရေးပေါင်းစပ်ထားတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ သူတို့ဟာ အခုလို ဖက်ရှင်ရှိုးတင်တင်မဟုတ်ဘဲ ရှေ့ဆက်ပြီး စက်ရုပ်တွေနဲ့ လုပ်မယ့် ဂီတဖျော်ဖြေပွဲတွေအပြင် စိတ်လှုပ်ရှားစရာ AI ယဉ်ကျေးမှုပွဲတွေကိုပါ ဆက်တိုက်ချပြသွားဖို့ ပြင်ဆင်နေပါတယ်။

Even Robots Need Style As Catwalk Shows Off Humanoid Fashions - Yahoo News  Canada

တောင်ကိုရီးယားဟာ ကမ္ဘာပေါ်မှာ စက်ရုပ်နည်းပညာ အသုံးအများဆုံးနိုင်ငံဖြစ်ပြီး လူသားတွေနဲ့ စက်ရုပ်တွေ အတူတူယှဉ်တွဲနေထိုင်နိုင်မယ့် ခေတ်တစ်ခုအတွက် အကြီးအကျယ် ရင်းနှီးမြှုပ်နှံနေတာ ဖြစ်ပါတယ်။ စက်ရုပ်တွေကို လူတွေနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံရမယ့် နေရာတွေအထိ သယ်ဆောင်လာဖို့ ကြိုးစားတဲ့နေရာမှာ ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်းနဲ့ သဘာဝကျကျ တုံ့ပြန်နိုင်စွမ်းပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေ ရှိနေသေးတာ မှန်ပါတယ်။ ဒါပေမဲ့လည်း တစ်ချိန်က လူသားတွေပဲ လုပ်နိုင်မယ်လို့ ထင်ထားတဲ့ ဖက်ရှင်နဲ့ အနုပညာစင်မြင့်ထက်အထိ စက်ရုပ်တွေ နေရာယူလာနိုင်တာကို ကြည့်ရင် နည်းပညာဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်လူနေမှုဘဝထဲကို ဘယ်လောက်အထိ လျင်လျင်မြန်မြန် တိုးဝင်လာနေပြီလဲဆိုတာ ငြင်းလို့မရတော့ပါဘူး။

Ref : interesting engineering