အီလွန်မတ်စ်ရဲ့ စပေ့အက်စ် (SpaceX) နဲ့ စတာလင့်ခ် (Starlink) အဆောက်အအုံတွေကို စစ်ရေးအရ ပစ်မှတ်ထားတိုက်ခိုက်မယ်လို့ အီရန်နိုင်ငံပိုင် ဖားစ်သတင်းဌာန (Fars News Agency) က ဖော်ပြပါတယ်၊၊ အမေရိကန်နဲ့ အစ္စရေးစစ်တပ်က အီရန်ကို တိုက်ခိုက်တဲ့နေရာမှာ စတာလင့်ခ် ဂြိုဟ်တုအင်တာနက်ကွန်ရက်ကို အသုံးပြုနေတယ်လို့ အီရန်ဘက်က စွပ်စွဲထားပြီး အစ္စရေးအပါအဝင် အရှေ့အလယ်ပိုင်းနဲ့ အာရှအနောက်ပိုင်းမှာရှိတဲ့ မတ်စ်နဲ့ ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို စစ်ဘက်ဆိုင်ရာ ပစ်မှတ်စာရင်းထဲ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

အီရန်နိုင်ငံမှာ စတာလင့်ခ် စက်ပစ္စည်းတွေကို ပိတ်ပင်ထားပြီး အသုံးပြုရင် ထောင်ဒဏ်အပြစ်ပေးတာတွေ လုပ်နေပေမယ့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပွားချိန်မှာ အင်တာနက်ဖြတ်တောက်မှုကို ကျော်ဖြတ်နိုင်ဖို့ စက်အလုံးရေ ထောင်နဲ့ချီ မှောင်ခိုသွင်းခဲ့ကြပါတယ်၊၊ ဒါ့အပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အင်တာနက်အမှောင်ချခံရမှုကို ကျော်ဖြတ်နိုင်ဖို့ ကူညီတဲ့အနေနဲ့ စတာလင့်ခ်စက်အလုံးရေ ၆,၀၀၀ နီးပါး ဝယ်ယူခဲ့ကြောင်း ဝေါစထရိဂျာနယ် (WSJ) သတင်းမှာ ဖော်ပြထားပါတယ်။
ဒီသတင်းဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ရဲ့ အဓိကရေနံတင်ပို့ရာ ခါ့ခ်ကျွန်း (Kharg Island) ကို သိမ်းပိုက်မယ်လို့ ပြောဆိုခဲ့တာအပါအဝင် ဒေသတွင်း စစ်ရေးတင်းမာမှုတွေ ပြင်းထန်နေချိန်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်၊၊
Ref : Fossbytes