ကမ္ဘာတစ်ဝန်းမှာ ကလေးမွေးဖွားနှုန်းတွေ ထိုးဆင်းနေလို့ အစိုးရတွေ ခေါင်းခဲနေရချိန်မှာ တကယ့်တရားခံအစစ်က ကျွန်တော်တို့လက်ထဲက “စမတ်ဖုန်း” ဖြစ်နေနိုင်တယ်လို့ အမေရိကန် သုတေသနအသစ်တွေက ထောက်ပြလိုက်ပါတယ်။ ၂၀၀၇ ခုနှစ် iPhone စပေါ်ပြီးနောက်ပိုင်း အမေရိကန်မှာ ကလေးမွေးနှုန်း ၂၂ ရာခိုင်နှုန်းအထိ ထိုးကျသွားတာဟာ တိုက်ဆိုင်မှုတင် မဟုတ်ပါဘူး။ စီးပွားရေးအကျပ်အတည်း ဒါမှမဟုတ် ကလေးစရိတ်ကြီးလို့ မမွေးကြတာလို့ အရင်က ထင်ခဲ့ကြပေမယ့် တကယ်တမ်းတော့ စမတ်ဖုန်းတွေကြောင့် လူချင်းတွေ့ဖို့ စိတ်မပါတော့တာ၊ လိင်ပိုင်းဆိုင်ရာ တက်ကြွမှုတွေ လျော့နည်းလာတာနဲ့ ဖုန်းထဲမှာပဲ အချိန်ကုန်နေကြတာတွေက မွေးဖွားနှုန်းကို အဓိက သွေးအေးသွားစေတာ ဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

ဒါဟာ အမေရိကန်တစ်ခုတည်းမှာတင် ဖြစ်နေတာ မဟုတ်ဘဲ တစ်ကမ္ဘာလုံးဆိုင်ရာ နည်းပညာရဲ့ ရိုက်ခတ်မှု (Technology Shock) ဖြစ်နေတာပါ။ နိုင်ငံပေါင်း ၁၂၈ နိုင်ငံက အချက်အလက်တွေကို လေ့လာကြည့်တဲ့အခါမှာလည်း စမတ်ဖုန်းတွေ လူတိုင်းလက်ထဲ ရောက်လာပြီးနောက်ပိုင်း ကမ္ဘာတစ်ဝန်းမှာ ကလေးမွေးဖွားနှုန်း ကျဆင်းမှုက ပိုပြီး မြန်ဆန်လာတာကို တွေ့ရပါတယ်။ ကျန်းမာရေးစနစ်၊ စီးပွားရေးနဲ့ ယဉ်ကျေးမှု မတူညီကြတဲ့ နိုင်ငံတွေမှာပါ ဒီလိုပုံစံတူ ဖြစ်ပျက်နေတာပါ။ ဒါပေမဲ့ တချို့ပညာရှင်တွေကတော့ စမတ်ဖုန်းမပေါ်ခင် ကတည်းက မွေးဖွားနှုန်း ကျဆင်းနေတာဖြစ်လို့ ဖုန်းတစ်ခုတည်းကြောင့်တော့ မဟုတ်နိုင်ဘူးလို့ သံသယရှိနေကြဆဲ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလို ကလေးမွေးဖွားနှုန်း ကျဆင်းလာတာဟာ ရေရှည်မှာ လုပ်သားအင်အား ရှားပါးလာပြီး လူဦးရေအိုမင်းတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာမှာမို့ စီးပွားရေးတိုးတက်မှုကို အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်။ အခုဆိုရင် အမေရိကန်မှာ မွေးဖွားနှုန်း သမိုင်းတစ်လျှောက် အနိမ့်ဆုံး ရောက်နေသလို တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့လို အာရှအင်အားကြီး နိုင်ငံတွေလည်း လူဦးရေ လျော့နည်းမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ အရင်က ကလေးအမွေးများတဲ့ အိန္ဒိယနဲ့ ဘရာဇီးတို့လို နိုင်ငံတွေမှာတောင် အခုအခါ စမတ်ဖုန်းတွေရဲ့ အရှိန်ကြောင့် မွေးဖွားနှုန်းတွေ အလျင်အမြန် ကျဆင်းလာနေပြီ ဖြစ်ပါတယ်။
Ref : Bangkokpost