အီလွန်မတ်စ်ရဲ့ အာကာသနည်းပညာကုမ္ပဏီဖြစ်တဲ့ SpaceX ဟာ အသက် ၂၅ နှစ်အရွယ် မိုက်ကယ်ထရူးလ် (Michael Truell) တည်ထောင်ထားတဲ့ Cursor အမည်ရ AI ကုဒ်ရေးဆော့ဖ်ဝဲ Startup ကို ဒေါ်လာ ၆၀ ဘီလီယံနဲ့ ဝယ်ယူဖို့ သဘောတူညီချက် ရရှိခဲ့ပါတယ်။ အဲဒီဝယ်ယူမှုကြောင့် ကုမ္ပဏီပူးတွဲတည်ထောင်သူနဲ့ CEO ဖြစ်တဲ့ မိုက်ကယ်ထရူးလ်ဟာ AI ခေတ်ရဲ့ အသက်အငယ်ဆုံး ကိုယ်ဒူးကိုယ်ချွန် ဘီလီယံနာတွေထဲက တစ်ဦး ဖြစ်လာပါတယ်။
ဒီသဘောတူညီချက်အရ Cursor ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Anysphere ဟာ SpaceX ရဲ့ ရာနှုန်းပြည့်ပိုင်ဆိုင်တဲ့ လက်အောက်ခံကုမ္ပဏီတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။ SpaceX အနေနဲ့ Cursor ကို ၎င်းရဲ့ ဂေဟစနစ်ထဲကို ထည့်သွင်းလိုက်ခြင်းအားဖြင့် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုအမြန်ဆုံး AI ဆော့ဖ်ဝဲပလက်ဖောင်းတွေထဲက တစ်ခုကို ရယူအသုံးပြုနိုင်မှာ ဖြစ်သလို xAI ရဲ့ ကွန်ပျူတာစနစ်တွေနဲ့ ပေါင်းစပ်ပြီး OpenAI ရဲ့ Codex နဲ့ Anthropic ရဲ့ Claude Code တို့လို ပြိုင်ဘက်တွေကို စိန်ခေါ်နိုင်မှာ ဖြစ်ပါတယ်။

Cursor ကုမ္ပဏီဟာ ၂၀၂၂ ခုနှစ်မှာ MIT က ကျောင်းနေဖက်တွေ ပူးပေါင်းပြီး စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး ပထမတော့ စက်မှုအင်ဂျင်နီယာတွေအတွက် AI အထောက်အကူပြုကိရိယာအဖြစ် ရည်ရွယ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဆော့ဖ်ဝဲရေးဆွဲမှုဘက်ကို ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ ကုမ္ပဏီဟာ အရှိန်အဟုန်နဲ့ အောင်မြင်လာခဲ့ပြီး Fortune 500 စာရင်းဝင် ကုမ္ပဏီအများစုဖြစ်တဲ့ Nvidia၊ Adobe၊ Salesforce နဲ့ Samsung တို့လို လုပ်ငန်းကြီးတွေမှာ အကြီးအကျယ် အသုံးပြုနေကြပါတယ်။
Ref : ndtv