Meta ကုမ္ပဏီရဲ့ နောက်ဆုံးအသုတ် ဝန်ထမ်းလျှော့ချမှုမှာ ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဂျူလီဘုန်း (Julie Bone) က သူမကိုပါ အလုပ်ထုတ်မယ့်စာရင်းထဲ ထည့်ပေးဖို့ ကိုယ့်သဘောဆန္ဒအလျောက် တောင်းဆိုခဲ့တာကြောင့် အွန်လိုင်းမှာ အကြီးအကျယ် ရေပန်းစားနေပါတယ်။ ဖေ့စ်ဘွတ်ခ်ရဲ့ ကွန်တင့်ဒီဇိုင်နာအဖြစ် ၆ နှစ်ကြာ လုပ်ကိုင်ခဲ့တဲ့ သူမက Meta ရဲ့ ဦးတည်ချက်တွေဟာ AI-first (AI ကိုပဲ ရှေ့တန်းတင်တဲ့) လုပ်ငန်းခွင်အဖြစ် ပြောင်းလဲလာနေပြီး သူမရဲ့ ကိုယ်ပိုင်ရည်မှန်းချက်တွေနဲ့ လုံးဝထပ်တူမကျတော့တာကြောင့် အခုလို ဆုံးဖြတ်ခဲ့တာပါ။ ဒါ့အပြင် သူမနေရာကနေ လမ်းဖယ်ပေးလိုက်ရင် ကုမ္ပဏီမှာ ဆက်နေချင်တဲ့ တခြားလုပ်ဖော်ကိုင်ဖက်တစ်ယောက်ရဲ့ အလုပ်အကိုင်ကို ကယ်တင်ပေးနိုင်လိမ့်မယ်လို့လည်း ဆန္ဒပြုခဲ့ပါတယ်။
ဒါ့အပြင် သူမက Meta ရဲ့ ပြောင်းလဲလာတဲ့ လုပ်ငန်းခွင်ဖိအားတွေအကြောင်းကိုလည်း ဖွင့်ဟခဲ့ပါသေးတယ်။ အခုခေတ်မှာ ဝန်ထမ်းတွေအနေနဲ့ အိုင်ဒီယာအသစ်တွေ ဖော်ထုတ်တာ၊ ကုဒ်ပိုင်းဆိုင်ရာ ပြဿနာရှာတာနဲ့ ထပ်တလဲလဲလုပ်ရတဲ့ အလုပ်တွေကို အလိုအလျောက်လုပ်ဆောင်ဖို့အတွက် AI ကိရိယာတွေကို သုံးဖို့ တွန်းအားပေးခံနေရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ AI အသုံးချတတ်ရုံတင်နဲ့ နည်းပညာလောကမှာ အလုပ်အကိုင် ရေရှည်တည်မြဲဖို့ အာမမခံနိုင်ဘူးလို့ သူမက ထောက်ပြခဲ့တာကြောင့် နည်းပညာကြောင့် လုပ်ငန်းခွင်ဖွဲ့စည်းပုံ ပြောင်းလဲလာမှုနဲ့ ဝန်ထမ်းတွေအပေါ် ဖိအားပေးလာမှုတွေအပေါ် အွန်လိုင်းမှာ ဆွေးနွေးငြင်းခုံမှုတွေ ပိုပြီးအရှိန်မြင့်လာခဲ့ပါတယ်။
ဂျူလီဘုန်းကတော့ လုပ်ဖော်ကိုင်ဖက်တွေကို လေးစားစွာနဲ့ပဲ Meta ကနေ ခေါင်းမော့ရင်ကော့ ထွက်ခွာခဲ့ပြီး လောလောဆယ်မှာတော့ ခေတ္တအနားယူဦးမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ နည်းပညာကျွမ်းကျင်မှုတင်မကဘဲ လူသားတွေရဲ့ စာတည်းဖြတ်မှုဆိုင်ရာ ဆုံးဖြတ်ချက်၊ ဆက်သွယ်ပြောဆိုရေးနဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေကို တကယ်တန်ဖိုးထားတဲ့ လုပ်ငန်းခွင်မျိုးမှာပဲ အလုပ်အကိုင်အခွင့်အလမ်းသစ်တွေကို ပြန်ရှာဖွေသွားမယ်လို့ ဆိုပါတယ်။
Ref : ndtv