အင်စတာဂရမ်ပေါ်က Public ဓာတ်ပုံတွေကို အသုံးပြုပြီး AI ဓာတ်ပုံတွေ ဖန်တီးပေးနိုင်တဲ့ စနစ်သစ်တစ်ခုကို မိတ်ဆက်အပြီး ရက်ပိုင်းအတွင်းမှာပဲ မေတာ (Meta) ကုမ္ပဏီက ပြန်လည်ဖြုတ်သိမ်းလိုက်ပါတယ်။ အကြောင်းကတော့ ကိုယ်ရေးကိုယ်တာ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေနဲ့ ဝေဖန်သံတွေ ဆက်တိုက်ထွက်ပေါ်လာခဲ့တာကြောင့် ဖြစ်ပါတယ်။
“Muse Image” လို့ အမည်ပေးထားတဲ့ အဲဒီ Feature ဟာ မိမိလိုချင်တဲ့ ပုံစံကို စာသားရေးကာ အင်စတာဂရမ် အကောင့်တစ်ခုခုကို တဂ် (Tag) လုပ်လိုက်ရုံနဲ့ AI ပုံရိပ်တွေ ထုတ်ပေးနိုင်တာ ဖြစ်ပါတယ်။ မေတာ ဘက်ကတော့ အသက် ၁၈ နှစ်အောက် ကလေးတွေနဲ့ သီးသန့် (Private) စက်ဝိုင်းထဲထားတဲ့ အကောင့်တွေကို ချန်လှပ်ထားပြီး အသက်ပြည့်ပြီးသူတွေရဲ့ အများကြည့်နိုင်တဲ့ ပရိုဖိုင်တွေကိုပဲ သုံးတာလို့ ရှင်းလင်းထားပါတယ်။

ဒါပေမဲ့ အဲဒီ Feature အသစ် ထွက်လာပြီးတာနဲ့ အကောင့်ပိုင်ရှင် မသိဘဲ ပုံတွေကို လိုသလို ယူသုံးပြီး မသမာတဲ့နည်းနဲ့ လဲလှယ်ဖန်တီးတာတွေ ကြုံရနိုင်တယ်လို့ ဝေဖန်သူတွေက ထောက်ပြကြပါတယ်။ အဲဒါကြောင့် မေတာက အဲဒီ စနစ်ကို ချက်ချင်း ရပ်ဆိုင်းလိုက်ပြီး သုံးစွဲသူတွေရဲ့ သဘောထားကို ပြန်လည်ဆန်းစစ်ပြီးမှ နောက်ထပ် ပုံစံတစ်ခုနဲ့ ပြန်မိတ်ဆက် မလားဆိုတာဆုံးဖြတ်သွားမယ်လို့ ပြောထားပါတယ်။
Ref : Technology Innovation