မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရဲ့ အစည်ကားဆုံး ပြည်နယ်စုံပြေးဆွဲတဲ့ ဘတ်စ်ကားဂိတ် (TBS) မှာ လူသားလုံခြုံရေးဝန်ထမ်းတွေနဲ့အတူ ပူးတွဲတာဝန်ထမ်းဆောင်ဖို့ ဉာဏ်ရည်တု (AI) စနစ်သုံး လုံခြုံရေးစက်ရုပ်တစ်ရုပ်ကို ပထမဆုံးအကြိမ် လူသိရှင်ကြား စမ်းသပ်မောင်းနှင်နေပါတယ်။ အဲဒီစက်ရုပ်ရဲသားကြီးဟာ လူတွေလို နားချိန်ပေးဖို့မလိုဘဲ ရပ်နားခြင်းမရှိဘဲ စဉ်ဆက်မပြတ် ကင်းလှည့်နိုင်ပြီး စမတ်ဗီဒီယိုစနစ်တွေနဲ့ လုံခြုံရေးဆိုင်ရာ ချိုးဖောက်မှုတွေကို အချိန်နဲ့တပြေးညီ မျက်ခြေမပြတ် စောင့်ကြည့်ဖော်ထုတ်ပေးနိုင်ပါတယ်။
အဲဒီစက်ရုပ်မှာ မျက်နှာမှတ်မိခြင်းစနစ်၊ ၃၆၀ ဒီဂရီ ပတ်လည်မြင်ကွင်းစနစ်နဲ့ လူမျက်လုံးအဆင့်အတိုင်း ဗီဒီယိုမှတ်တမ်းတင်နိုင်တဲ့ စနစ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် ပိုင်ရှင်မဲ့ပစ်ထားတဲ့ ခရီးဆောင်အိတ်တွေ၊ လမ်းပိတ်ဆို့မှုတွေ၊ လူစုလူဝေးဖြစ်နေတာတွေနဲ့ စည်းကမ်းမဲ့ ဆေးလိပ်သောက်တဲ့ ဥပဒေချိုးဖောက်မှုတွေကိုပါ ရှာဖွေဖော်ထုတ်ပေးနိုင်ပါတယ်။ စက်ရုပ်ကနေ ပုံမှန်မဟုတ်တဲ့အခြေအနေ ဒါမှမဟုတ် ချိုးဖောက်မှုတစ်ခုခုကို ရှာဖွေတွေ့ရှိရင် ထိန်းချုပ်ခန်းက လုံခြုံရေးမှူးဆီ ချက်ချင်းအကြောင်းကြားပေးမှာဖြစ်ပြီး လုံခြုံရေးမှူးက စက်ရုပ်မှာပါတဲ့ အော်ဒီယိုစနစ်ကနေတစ်ဆင့် ခရီးသည်တွေကို လှမ်းပြီး တိုက်ရိုက်သတိပေး စကားပြောဆိုနိုင်ပါတယ်။ စောင့်ကြည့်ရုံတင်မကဘဲ သူ့ရဲ့ကိုယ်ထည်ထဲမှာ မီးသတ်ဆေးဘူး၊ ရှေးဦးသူနာပြုစုခြင်းသေတ္တာနဲ့ နှလုံးခုန်နှုန်းထိန်းစက် (AED) တို့ကိုပါ ထည့်သွင်းထားလို့ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာလည်း လျင်လျင်မြန်မြန် အသုံးပြုနိုင်ပါတယ်။
နည်းပညာဖွဲ့စည်းပုံပေါ်မူတည်ပြီး အဲဒီလုံခြုံရေးစက်ရုပ်တစ်ရုပ်ကို မလေးရှားရင်းဂစ် ၁၅၀,၀၀၀ (စင်ကာပူဒေါ်လာ ၄၆,၉၀၀ ဝန်းကျင်) ကုန်ကျပါတယ်။ အခုလို စက်ရုပ်နည်းပညာတွေ အသုံးပြုလာတာဟာ လုံခြုံရေးလုပ်ငန်းခွင်မှာ ကြုံတွေ့နေရတဲ့ လူအင်အားပြတ်လပ်မှုနဲ့ လုပ်အားခကြီးမြင့်မှု ပြဿနာတွေကို ဖြေရှင်းဖို့အတွက်ဖြစ်ပြီး အန္တရာယ်ရှိတဲ့ လက်နက်ကိုင်လုယက်မှုလို အခြေအနေမျိုးတွေမှာ လုံခြုံရေးဝန်ထမ်းတွေကိုယ်တိုင် မသွားဘဲ စက်ရုပ်ကိုအရင်လွှတ်ပြီး အခြေအနေကို စုံစမ်းခိုင်းနိုင်လို့ လူသားဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံမှုကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ လတ်တလောမှာတော့ အဲဒီစက်ရုပ်ဟာ လူသားဝန်ထမ်းတွေကို အစားထိုးဖို့ မဟုတ်ဘဲ ဝန်ထမ်းတွေရဲ့ လုပ်ငန်းဆောင်တာတွေကို ပိုပြီးထိရောက်အောင် ကူညီပံ့ပိုးပေးဖို့အတွက်သာ ရည်ရွယ်ထားတာဖြစ်ပါတယ်။
Ref : Straittimes

