Samsung ကုမ္ပဏီဟာ ခေါက်ချိုးစမတ်ဖုန်းတွေကို ပိုမိုခိုင်ခံ့စေပြီး မျက်နှာပြင်ပေါ်က ခေါက်ရာထင်မှုကို လျှော့ချပေးနိုင်မယ့် Flex Titanium လို့ ခေါ်တဲ့ ခေါက်ချိုးမျက်နှာပြင် နည်းပညာသစ်တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီ နည်းပညာသစ်မှာ တိုက်တေနီယမ်သတ္တုစပ် ဖလင်ပြားနဲ့ တိုက်တေနီယမ်ပြားကို အသုံးပြုပြီး မျက်နှာပြင်တည်ဆောက်ပုံကို အသစ်ပြန်လည် ဒီဇိုင်းထွင်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် မျက်နှာပြင်ကို ပိုမိုခိုင်ခံ့စေ၊ ပါးလွှာစေပြီး အကြိမ်ကြိမ် ခေါက်တာကို ပိုမိုခံနိုင်ရည်ရှိစေမယ့်အပြင် မျက်နှာပြင်အလယ်က ခေါက်ရာကိုလည်း သိသိသာသာ လျော့ပါးသွားစေမှာ ဖြစ်ပါတယ်လို့ Samsung က ပြောပါတယ်။

ကုမ္ပဏီရဲ့ အဆိုအရ အဲဒီ တိုက်တေနီယမ်သတ္တုစပ် ဖလင်ပြားဟာ ယခင်ဒီဇိုင်းတွေမှာ အသုံးပြုခဲ့တဲ့ ပိုလီမာဖလင်ပြားတွေထက် အဆ ၂၀ ပိုမို မာကျောတာကြောင့် ပျော့ပျောင်းမှုကို မထိခိုက်စေဘဲ ဖွဲ့စည်းပုံကို ပိုမိုထောက်ကူပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အခု မျက်နှာပြင်အသစ်ဟာ ပါဝါသုံးစွဲမှုကို ပိုမိုသက်သာစေပြီး ပိုမိုကောင်းမွန်တဲ့ ရုပ်ထွက်ကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်လို့လည်း ဆိုပါတယ်။ အဲဒီ Flex Titanium နည်းပညာကို Samsung ရဲ့ နောက်မျိုးဆက်သစ် Galaxy ခေါက်ချိုးဖုန်းတွေမှာ ပထမဆုံး ထည့်သွင်းအသုံးပြုသွားမှာ ဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ လာမယ့် Galaxy Unpacked ပွဲမှာ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။
Samsung အနေနဲ့ အခုမျက်နှာပြင်သစ်ဟာ ခေါက်ရာထင်မှုကို လျှော့ချပေးပြီး ခိုင်ခံ့မှုကို တိုးတက်စေတယ်လို့ ပြောထားပေမယ့် ခေါက်ရာကို လုံးဝပျောက်ကွယ်သွားစေမယ်လို့တော့ အခိုင်အမာ ပြောဆိုထားခြင်း မရှိပါဘူး။ အဲဒီ နည်းပညာဟာ နေ့စဉ်သုံးစွဲမှုမှာ ဘယ်လောက်အထိ စွမ်းဆောင်ရည်ကောင်းမွန်မလဲ ဆိုတာကိုတော့ ဖုန်းအသစ်တွေ ထွက်ရှိလာပြီးနောက်ပိုင်း သီးခြားလွတ်လပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ လုပ်ဆောင်ပြီးမှသာ သိရှိနိုင်မှာ ဖြစ်ပါတယ်လို့ သိရပါတယ်။
Ref : Technology Innovation