တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက အသက် ၄၈ နှစ်အရွယ် အသားကင်စားဖိုမှူး မာကျန်ဖျင် (Ma Jianping) ဟာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ် (Elon Musk) နဲ့ ရုပ်ဆင်တာကြောင့် အွန်လိုင်းမှာ ရုတ်တရက် နာမည်ကြီးလာပါတယ်။ ဇူလိုင်လ ၂၆ ရက်နေ့က Douyin လူမှုကွန်ရက်မှာ တင်ခဲ့တဲ့ သူ့ရဲ့ ဗီဒီယိုဟာ Like အရေအတွက် ၁.၃ သန်းကျော် ရရှိခဲ့ပြီးနောက် လူတွေရဲ့ စိတ်ဝင်စားမှုကို အထူးရရှိခဲ့တာ ဖြစ်ပါတယ်။

ရှန်းရှီးပြည်နယ်မှာ စားသောက်ဆိုင် ဖွင့်လှစ်ထားတဲ့ သူ့ရဲ့ ဆိုင်လေးဟာ အရင်က တိတ်ဆိတ်ပေမယ့် အခုအခါမှာတော့ သူ့ကိုလာကြည့်တဲ့ ဧည့်သည်တွေနဲ့ စီးပွားရေး နှစ်ဆလောက် တက်လာပါတယ်။ လာရောက်စားသောက်သူတွေဟာ သူ့ကို ဓာတ်ပုံတွဲရိုက်တာတွေ၊ လက်ဆွဲနှုတ်ဆက်တာတွေ လုပ်လေ့ရှိတာကြောင့် သူဟာ ရှက်ရွံ့ပြီး စိတ်လှုပ်ရှားနေရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း အဲဒီလို နာမည်ကြီးလာပေမယ့် စျေးနှုန်းတင်တာမျိုး မလုပ်ဘူးလို့ ဖောက်သည်တွေက ချီးကျူးကြပါတယ်။

စီးပွားရေးလုပ်ငန်းရှင် အများကြီးက သူ့ကို အလုပ်တွဲလုပ်ဖို့ ကမ်းလှမ်းလာကြပေမယ့် သူကတော့ တိုက်ရိုက်ထုတ်လွှင့်မှု (Live-streaming) တွေ လုပ်ဖို့ အစီအစဉ်မရှိဘဲ သူ့ရဲ့ စားသောက်ဆိုင်အလုပ်ကိုသာ ဆက်လက်ဦးစားပေးသွားမယ်လို့ ပြောပါတယ်။ အွန်လိုင်းပေါ်မှာတော့ သူ့ကို အီလွန်မတ်စ်နဲ့ နှိုင်းယှဉ်ပြီး နောက်ပြောင်တဲ့ ပုံတွေ၊ စာတွေ ပြန့်နှံ့နေပေမယ့် သူကတော့ မနက် ၉ နာရီကနေ ညသန်းခေါင်ကျော်အထိ သူ့ရဲ့ အသားကင်အလုပ်ကိုသာ ကြိုးကြိုးစားစား လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။
Ref : South China Morning Post