Tesla ရဲ့ ကိုယ်တိုင်မောင်းစနစ်ဟာ လုံးဝကို အလွဲလွဲအချော်ချော် ဖြစ်နေတယ်လို့ ကုမ္ပဏီတွင်းက လူတွေကိုယ်တိုင် ဖွင့်ချလိုက်ပြီ ဖြစ်ပါတယ်။ Tesla ရဲ့ ကိုယ်တိုင်မောင်းနည်းပညာ (FSD) နဲ့ ပတ်သက်ပြီး အီလွန်မတ်စ်ရဲ့ ကြွားဝါပြောဆိုချက်တွေကို ဒီနည်းပညာကို ကိုယ်တိုင်ဖန်တီးပေးနေတဲ့ ဝန်ထမ်းတွေကတောင် မယုံကြည်ကြပါဘူး။ ရိုက်တာသတင်းဌာနက Tesla ရဲ့ အချက်အလက်စစ်ဆေးပေးသူဟောင်း ကိုးဦးနဲ့ အင်ဂျင်နီယာဟောင်းတစ်ဦးတို့ကို မေးမြန်းခဲ့ရာမှာတော့ ဝန်ထမ်းဟောင်းတစ်ဦးကဆိုရင် “ပိုက်ဆံပေးရင်တောင် Tesla ရဲ့ ရိုဘိုတက္ကစီ (Robotaxi) ကို မစီးဘူး” လို့အထိ ပြင်းပြင်းထန်ထန် ဝန်ခံခဲ့တာ ဖြစ်ပါတယ်။

အဲဒီဝန်ထမ်းတွေရဲ့ ပြောပြချက်အရ ဆော့ဖ်ဝဲလ် ပိုကောင်းလာအောင် ဗီဒီယိုမှတ်တမ်းတွေကို ပြန်လည်စစ်ဆေးတဲ့အခါ Tesla ကားတွေဟာ သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်နေတာတွေကို မကြာခဏဆိုသလို တွေ့ရတတ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အင်ဂျင်နီယာတွေနဲ့ မန်နေဂျာတွေကတော့ ဒီပြဿနာကို သိပ်ပြီး အရေးမကြီးသလိုမျိုးပဲ သဘောထားခဲ့ကြတာ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ အတွင်းရေးအချက်အလက်တွေကို တိုက်ရိုက်ကိုင်တွယ်ခဲ့ရတဲ့ အဲဒီလူတွေရဲ့ ဝန်ခံချက်တွေကြောင့် Tesla ရဲ့ ကိုယ်တိုင်မောင်းစနစ်ဟာ လမ်းမတွေပေါ်မှာ အမှန်တကယ် ဘေးကင်းလုံခြုံဖို့ဆိုတာ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူးဆိုတဲ့ စိုးရိမ်မှုတွေ ပိုပြီးကြီးထွားလာနေပါတယ်။

အမှန်တကယ်လည်း ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းမှာ FSD စနစ် ဖွင့်မောင်းလာတဲ့ Tesla ကားတွေဟာ ရေကန်ထဲ မောင်းချမိတာ၊ တံတားပေါ်က ပြုတ်ကျတာနဲ့ မျက်နှာချင်းဆိုင်က လာနေတဲ့ ရထားလမ်းကြောင်းထဲ မောင်းဝင်မိတာမျိုးတွေအထိ ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့ရပါတယ်။ သတင်းတွေမှာ ဖော်ပြတာထက် ပိုများပြားတဲ့ အချက်အလက်တွေကို မျက်မြင်တွေ့ခဲ့ရတဲ့ ဝန်ထမ်းတွေရဲ့ ဝန်ခံချက်တွေအရ အီလွန်မတ်စ် ပြောသလို လူကြီးကြပ်စရာမလိုဘဲ ဘေးကင်းကင်းနဲ့ မောင်းနှင်နိုင်ဖို့ဆိုတာ လက်ရှိမှာ လုံးဝမဖြစ်နိုင်သေးတဲ့ အခြေအနေမှာ ရှိနေတာ ဖြစ်ပါတယ်။
Ref : Futurism