အမှိုက် သွားပစ်ရတဲ့ အလုပ်ဟာ နောက်ပိုင်းမှာ လုပ်စရာမလိုတဲ့ အရာတစ်ခု ဖြစ်လာတော့မှာပါ။ အမေရိကန်အခြေစိုက် Oshkosh ကုမ္ပဏီဟာ အမှိုက်သိမ်းဆည်းရေး လုပ်ငန်းတွေကို ပိုမိုလွယ်ကူ လျင်မြန်စေဖို့အတွက် HARR-E လို့ အမည်ပေးထားတဲ့ ဘက်ထရီသုံး အလိုအလျောက် သွားလာနိုင်တဲ့ စက်ရုပ်ကို တီထွင်ဖန်တီးနေပါတယ်။ အသုံးပြုသူတွေအနေနဲ့ အမှိုက်ပုံးတွေကို အမှိုက်ပုံအထိ သယ်သွားစရာမလိုဘဲ ဖုန်းအက်ပလီကေးရှင်း ဒါမှမဟုတ် အသံနဲ့ ခိုင်းစေပြီး အမှိုက်လာသိမ်းဖို့ တောင်းဆိုနိုင်မှာ ဖြစ်ပါတယ်။
ဒီ စက်ရုပ်ဟာ သတ်မှတ်ထားတဲ့ နေရာကို ကိုယ်တိုင်လာရောက် အမှိုက်ကောက်ယူပြီး ပင်မ အမှိုက်စုပုံရာနေရာဆီ ပို့ဆောင်ပေးမှာဖြစ်ကာ ပြီးရင်တော့ အားပြန်သွင်းဖို့ သူ့နေရာသူ ပြန်သွားမှာ ဖြစ်ပါတယ်။ လူတွေနဲ့ အတားအဆီးတွေကို ရှောင်ကွင်းနိုင်ဖို့အတွက် AI စနစ်၊ ကင်မရာတွေနဲ့ ဆင်ဆာတွေကို တပ်ဆင်ထားတာကြောင့် တိုက်ခန်းတွေ၊ ရုံးဝင်းတွေနဲ့ တက္ကသိုလ်နယ်မြေတွေလို နေရာမျိုးမှာ သုံးဖို့ သင့်တော်ပါတယ်။

အသံဆူညံမှုကို လျှော့ချပေးနိုင်ပြီး သုံးရလွယ်ကူတဲ့ ဒီ စက်ရုပ်ဟာ အမှိုက်ကားကြီးတွေ သုံးစွဲမှုကိုနည်းပါးစေမှာမို့ မီးခိုးငွေ့ ထုတ်လွှတ်မှုကိုလည်း လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ စမ်းသပ်အဆင့်မှာပဲ ရှိသေးပြီး ဈေးကွက်ထဲ မရောက်သေးပေမဲ့ AI နဲ့ စက်ရုပ်နည်းပညာက အနာဂတ် အမှိုက်သိမ်း စနစ်ကို ဘယ်လို ပြောင်းလဲပေးနိုင်မလဲဆိုတာကို ပြသနေတာ ဖြစ်ပါတယ်။
Ref : Technology Innovation