AI ကင်မရာတွေရှေ့မှာ ကိုယ်ပျောက်ချင်ပါသလား။ ဂျာမန်ဒီဇိုင်နာ ဆိုင်မွန်ဝက်ကာ့တ်ကတော့ ကမ္ဘာ့အရုပ်ဆိုးဆုံးလို့ နာမည်ကြီးနေတဲ့ ဟာဝိုင်ယီရှပ်အင်္ကျီတစ်ထည်ကို ဖန်တီးလိုက်ပါတယ်။
Digital Camouflage (ဒစ်ဂျစ်တယ် ကိုယ်ဖျောက်) လို့ နာမည်ပေးထားတဲ့ အဲဒီနွေရာသီဝတ် ရှပ်အင်္ကျီရဲ့ လျှို့ဝှက်ချက်ကတော့ ဖက်ရှင်ကျဖို့မဟုတ်ဘဲ နေရာအနှံ့မှာရှိနေတဲ့ AI နည်းပညာသုံး စောင့်ကြည့်ကင်မရာတွေကနေ ဝတ်ဆင်သူကို လူသားတစ်ဦးအနေနဲ့ မမှတ်မိအောင် လှည့်စားပေးနိုင်စွမ်းပဲ ဖြစ်ပါတယ်။
AI စနစ်တွေက လူတစ်ယောက်ရဲ့ ရုပ်ဆင်းသဏ္ဌာန်ကို တိတိကျကျ နားလည်ထားတာမဟုတ်ဘဲ ခန္ဓာကိုယ်အချိုးအစား၊ ပုံရိပ်ကောက်ကြောင်း စတဲ့ အချက်အလက်တွေအပေါ်မှာသာ အခြေခံပြီး ခွဲခြားကြတာပါ။
ဒီအားနည်းချက်ကို အသုံးချပြီး ရှပ်အင်္ကျီမှာ ပါဝင်တဲ့ ဆန်းကြယ်တဲ့ ဒီဇိုင်းပုံစံတွေက ကင်မရာရဲ့ ပုံရိပ်ဖမ်းယူနိုင်စွမ်းကို လုံးဝရှုပ်ထွေးသွားစေပါတယ်။ ဒါကြောင့် AI စနစ်အတွက်တော့ အဲဒီအင်္ကျီဝတ်ထားသူဟာ လူတစ်ယောက်အဖြစ်ကနေ လုံးဝပျောက်ကွယ်သွားပါတယ်။
အံ့သြစရာအကောင်းဆုံးကတော့ AI ကို ပြန်လည်လှည့်စားမယ့် ဒီဇိုင်းကို ဖန်တီးရာမှာ AI နည်းပညာကိုပဲ ပြန်လည်အသုံးပြုထားတာ ဖြစ်ပါတယ်။ AI စနစ်က လူသားလို့ လုံးဝမမှတ်မိတော့တဲ့အထိ ဒီဇိုင်းပုံစံကို အကြိမ်ကြိမ် စမ်းသပ်ပြောင်းလဲပြီး ဖန်တီးခဲ့တာပါ။
ဒီအင်္ကျီကို ဝတ်ဆင်ထားသူဟာ သာမန်လူတွေရဲ့အမြင်မှာ ထင်ရှားပေါ်လွင်နေပေမယ့် စက်တွေရဲ့အမြင်မှာတော့ ဘာမှမရှိတဲ့ လေဟာနယ်တစ်ခုလိုပဲ မှတ်ယူခံရမှာ ဖြစ်ပါတယ်။
Ref: odditycentral

