Xiaomi ရဲ့ နောက်ဆုံးပေါ် Xiaomi 17T နဲ့ 17T Pro စမတ်ဖုန်း မိတ်ဆက်ပွဲမှာ ထူးထူးခြားခြား ဖြစ်ရပ်တစ်ခုအနေနဲ့ ကုမ္ပဏီရဲ့ မျိုးဆက်သစ် လူတူစက်ရုပ် (Humanoid Robot) ကို စင်ပေါ်တင်ပြီး စွမ်းဆောင်ရည် ပြသသွားခဲ့ပါတယ်။ အဲဒီလူတူစက်ရုပ်ဟာ သူ့ရဲ့ ဇီဝလက်ချောင်းတွေ (Bionic Hand) ကို သုံးပြီး စင်ပေါ်က Xiaomi 17T Pro ဖုန်းကို ကောက်ကိုင်ကာ အသံချဲ့ခလုတ်ကနေတစ်ဆင့် Zoom ဆွဲပြီး ပရိသတ်တွေကို ဓာတ်ပုံရိုက်ပြသွားခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ အချိန်တိုအတွင်း သရုပ်ပြသမှု ဖြစ်ပေမယ့်လည်း Xiaomi ရဲ့ ရိုဘော့တစ်နည်းပညာဟာ လက်ရှိမှာ စက်ပစ္စည်းတွေကို လူသားတစ်ဦးလိုပဲ ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်ထိန်းချုပ်နိုင်တဲ့ အဆင့်ကို ရောက်နေပြီဆိုတာကို သက်သေပြလိုက်တာ ဖြစ်ပါတယ်။

Xiaomi ဥက္ကဋ္ဌ Lei Jun က လာမယ့် ၅ နှစ်အတွင်းမှာ သူတို့ရဲ့ စက်ရုံတွေထဲ လူတူစက်ရုပ်တွေကို အများအပြား အစားထိုး နေရာချသွားဖို့ ရည်မှန်းထားပြီး အနောက်ပိုင်းမှာလည်း အလုပ်တွေကို တစိုက်မတ်မတ် လုပ်ဆောင်နေပါတယ်။ အခုနှစ်ဆန်းပိုင်းမှာတင် ကားစက်ရုံတစ်ခုရဲ့ ဝက်အူရိုက်စတေရှင်မှာ အဲဒီစက်ရုပ်တွေကို ၃ နာရီကြာ ဆက်တိုက် အဆိုင်းလိုက် အလုပ်လုပ်ခိုင်းခဲ့ရာ လုပ်ငန်းခွင်ရဲ့ သတ်မှတ်အချိန်အတိုင်း ကပ်လိုက်နိုင်ပြီး အောင်မြင်မှုနှုန်း ၉၀.၂ ရာခိုင်နှုန်းအထိ ရှိခဲ့တယ်လို့ အတည်ပြုထားပါတယ်။

အခုလို စွမ်းဆောင်ရည် တက်လာတာဟာ စက်ရုပ်ရဲ့ ဟာ့ဒ်ဝဲပိုင်းကို အကြီးအကျယ် မွမ်းမံထားလို့ ဖြစ်ပါတယ်။ စက်ရုပ်ရဲ့ လက်ဖဝါးအရွယ်အစားကို ၆၀ ရာခိုင်နှုန်းအထိ သေးငယ်အောင် လုပ်ထားတာကြောင့် လူသားတစ်ယောက်ရဲ့ လက်အရွယ်အစားအတိုင်း ဖြစ်သွားပြီး လှုပ်ရှားနိုင်စွမ်း ဒီဂရီကိုလည်း ၆၄ ရာခိုင်နှုန်းအထိ မြှင့်တင်ထားပါတယ်။ ဒါ့အပြင် လက်ဖဝါးအပြည့် အာရုံခံစနစ်၊ အကြိမ်ရေ ၁ သိန်းခွဲကျော် ဆုပ်ကိုင်နိုင်စွမ်းနဲ့ ရေရှည်အလုပ်လုပ်ရင် အပူဒဏ်ခံနိုင်ဖို့ ဇီဝချွေးဂလင်းစနစ် (Bionic Sweat Gland) ကိုပါ ထည့်သွင်းပေးထားပါတယ်။ ဥက္ကဋ္ဌ Lei Jun ကတော့ Xiaomi ရိုဘော့တစ်အဖွဲ့ဟာ နိုင်ငံတကာပြိုင်ပွဲတွေမှာ ပထမဆုတွေ သိမ်းပိုက်ထားနိုင်ပြီး သူတို့ရဲ့ အဓိက ရည်မှန်းချက်က စမ်းသပ်ခန်းထဲမှာတင် မဟုတ်ဘဲ တကယ့်လက်တွေ့ ကမ္ဘာထဲမှာ အလုပ်လုပ်ပေးနိုင်မယ့် လူတူစက်ရုပ်တွေ ဖြစ်လာစေဖို့လို့ ပြောထားပါတယ်။
Ref : Gizmochina