Nokia က လပေါ်မှာ ပထမဆုံး 4G ကွန်ရက်ကို အောင်မြင်စွာ တည်ဆောက်လိုက်ပြီး လပေါ်ကနေ ကမ္ဘာကို 4G ဖုန်းခေါ်ဆိုမှု ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ အခုစီမံကိန်း အောင်မြင်မှုဟာ သမိုင်းမှတ်တိုင် တစ်ခု ဖြစ်ပါတယ်။
Nokia က Intuitive Machine ရဲ့ IM-2 စီမံကိန်းအတွက် နာဆာနဲ့ ပူးပေါင်းထားပြီး Nokia ရဲ့ Lunar Surface Communication System ကို Athena Lander က လပေါ်ကို သယ်ဆောင်သွားတာ ဖြစ်ပါတယ်။ ဒါပေမယ့် အာကာသယာဉ်ဟာ လပေါ်ကို ဆင်းသက်စဉ်မှာ မတော်တဆမှု ဖြစ်ပွားခဲ့ပြီး Solar Panel ကနေ နေရောင်ခြည်စွမ်းအင် ရရှိမှု အကန့်အသတ်ဖြစ်သွားခဲ့သလို ဖုန်း ခေါ်ဆိုလို့ မရတော့ပါဘူး။
ဒါပေမယ့် Nokia က 4G ကွန်ရက်ဟာ Intuitive Machine ရဲ့ မြေပြင် စတေရှင်ကို ဒေတာတွေ ပေးပို့နိုင်ပြီး အလုပ်ကောင်းကောင်းလုပ်တယ်လို့ အတည်ပြုလိုက်ပါတယ်။
Nokia က လရဲ့ တောင်ဝင်ရိုးစွန်း ဒေသမှာ 4G ကွန်ရက်ကို အောင်မြင်စွာ တည်ဆောက်နိုင်တဲ့အတွက် ဂုဏ်ယူနေပါတယ်။ ဒီစီမံကိန်း အောင်မြင်မှုကြောင့် အနာဂတ်မှာ လကို စူးစမ်းလေ့လာဖို့ ပိုမို တိုးတက်ကောင်းမွန်လာမှာ ဖြစ်ပါတယ်။
ပညာရှင်တွေက လပေါ်မှာ လူသားတွေ အခြေချနေထိုင်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ Nokia ရဲ့ 4G ကွန်ရက်ကို လပေါ်မှာ တည်ဆောက်နိုင်တဲ့အတွက် လူသားတွေ လမှာ နေထိုင်နိုင်ဖို့ ပိုမိုနီးစပ်လာပြီ ဖြစ်ပါတယ်။
Ref : Tech Explorers