ကမ္ဘာပေါ်မှာ ရှာဖွေတွေ့ရှိခဲ့သမျှ အင်္ဂါဂြိုဟ်ရဲ့ အကြီးဆုံး အပိုင်းအစဖြစ်တဲ့ (meteorite) ကြီးတစ်ခုကို နယူးယောက်မြို့က Sotheby’s လေလံဌာနမှာ လာမယ့် ဇူလိုင်လ ၁၆ ရက်နေ့မှာ စံချိန်တင်စျေးနှုန်းနဲ့ လေလံတင်ရောင်းချတော့မှာ ဖြစ်ပါတယ်။ ဒီ ကျောက်ခဲဟာ ရောင်းချဖူးသမျှထဲမှာ တန်ဖိုးအကြီးဆုံး အာကာသကျောက်တုံး ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။

Martian Meteorite (NWA 16788) Could Fetch $4-Million at Auction - TechEBlog

Northwest Africa (NWA) 16788 လို့ အမည်ပေးထားတဲ့ အဲဒီ ကျောက်ခဲကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက နိုင်ဂျားနိုင်ငံရဲ့ ဆာဟာရသဲကန္တာရထဲမှာ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အလေးချိန် ၂၄.၆၇ ကီလိုဂရမ် (ပေါင် ၅၀ ကျော်) ရှိပြီး ကမ္ဘာပေါ်က ဒုတိယအကြီးဆုံး အင်္ဂါဂြိုဟ် ကျောက်ခဲထက် ၇၀% လောက် ပိုကြီးမားပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကြီးမားတဲ့ ဥက္ကာခဲကြီးတစ်ခုက အင်္ဂါဂြိုဟ်မျက်နှာပြင်ကို ဝင်တိုက်ခဲ့တဲ့ အတွက်ကြောင့် လွင့်စင်ထွက်လာခဲ့ပြီး မိုင်ပေါင်း သန်း ၁၄၀ လောက်ခရီးနှင်ပြီး ကမ္ဘာပေါ်ကို ကျရောက်လာတာ ဖြစ်ပါတယ်။ အဲဒီဝင်တိုက်မှုနဲ့ ကမ္ဘာ့လေထုထဲကို ဝင်ရောက်လာချိန်က ပြင်းထန်တဲ့အပူချိန်တွေကြောင့် ကျောက်တုံးရဲ့ အပေါ်ယံလွှာဟာ ဖန်သားလို ဖြစ်နေတာကို ထူးခြားစွာ တွေ့မြင်ရပါတယ်။

Largest-Known Martian Meteorite Lands on the Auction Block

Sotheby’s လေလံဌာနရဲ့ ခန့်မှန်းချက်အရ ဒီကျောက်တုံးရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂ သန်းကနေ ၄ သန်းကြား ရှိနိုင်ပါတယ်။ တရားဝင်လေလံပွဲမကျင်းပခင် ရက်ပိုင်းအလိုမှာပဲ ဝယ်သူရဲ့ ပရီမီယံကြေးအပါအဝင် လေလံစျေးဟာ ဒေါ်လာ ၁.၉၂ သန်းအထိ ရောက်ရှိနေပြီဖြစ်လို့ စံချိန်သစ်တွေတင်နိုင်မှာ သေချာသလောက်ပဲ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ အတည်ပြုထားတဲ့ အင်္ဂါဂြိုဟ် ကျောက်ခဲပေါင်း ၄၀၀ ခန့်သာရှိတဲ့အထဲမှာ NWA 16788 ဟာ သူ့ရဲ့ ကြီးမားတဲ့အရွယ်အစား၊ နီညိုရောင်အသွေးနဲ့ အခြေအနေကောင်းမွန်မှုတွေကြောင့် တစ်မူထူးခြားနေပါတယ်။ သိပ္ပံနည်းကျအရေးပါတဲ့ အခုလိုပစ္စည်းမျိုးကို ပုဂ္ဂလိကပိုင်ဆိုင်မှုအဖြစ် ရောင်းချတာနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ ရှိနေပေမဲ့ အနာဂတ်မှာ လေ့လာမှုတွေပြုလုပ်ဖို့အတွက် နမူနာအပိုင်းအစအနည်းငယ်ကိုတော့ သိပ္ပံလောကအတွက် သီးသန့်ဖယ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

Ref: Technology Innovation